မိုးဆက်တိုက်ရွာသွန်းခြင်းကြောင့် နောင်မွန်မြို့တွင် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားနေပြီး စာသင်ကျောင်းအချို့ ပိတ်ထားရ

357

ဇွန်၊၂၂

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတဲ့အတွက် ကမ်းပါးတွေ ပြိုနေပြီး စာသင်ကျောင်းအချို့ ပိတ်ထားရတယ်လို့ နောင်မွန်ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

သုံးရက်ဆက်တိုက် မိုးရွာသွန်းတာကြောင့် ကမ်းပါးပြိုတာတွေလည်း ဆက်တိုက် ဖြစ်ပေါ်နေပြီး ကဆန်ချောင်းအနီးက အမှတ်(၁)မူလတန်းကျောင်းနားအထိ ကမ်းပါးပြိုလာတဲ့အတွက် ကျောင်းပိတ်ထားလိုက်ရပြီလို့ နောင်မွန် ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

မိုးအရမ်းရွာတော့ ကမ်းပါးတွေ ပြိုနေတယ်။ အမှတ်(၁)ပညာရေးကျောင်းနားအထိ ကမ်းပါးကပြိုနေတယ်ဆိုတော့ ကျောင်းပိတ်ထားရတယ် အခုအချိန်တော့။ မိုးက တအားများတယ်”လို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် မိုးများတဲ့အတွက် ရပ်ကွက်(၅)ဘက်မှာရှိတဲ့ အမှတ်(၂)ကျောင်းဘက်မှာပါ မိုးယိုတာတွေ ဖြစ်ပေါ်နေပြီး အခက်အခဲဖြစ်နေကြတယ်လို့လည်း သိရပါတယ်။

လက်ရှိ နောင်မွန်မြို့ပေါ် တစ်လျှောက် အပြင် ပူတာအို-နောင်မွန် လမ်းတစ်လျှောက်မှာလည်း ကမ်းပါးပြိုတာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

နောင်မွန်မြို့တစ်လျှောက် ကမ်းပါးပြိုမှု ဖြစ်ပေါ်နေတဲ့အတွက် အထိအခိုက်အပျက်အစီး ရှိ/မရှိကို မေးမြန်းပေမဲ့ မိုးရွာသွန်းမှု အရှိန်မြင့်နေတဲ့အတွက် ဖုန်းလိုင်း အခက်အခဲကြောင့် မသိရှိရသေးပါဘူး။

ကမ်းပါးပြိုမှု နောက်ဆက်တွဲအခြေအနေကို သိရဖို့ နောင်မွန် ဒေသခံတွေကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့၂၀၂၂ခုနှစ် ဇွန်လအတွင်းကလည်း နောင်မွန်မြို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှု‌ကြောင့် ကဆန်ချောင်းရေကြီးမှု ရှိခဲ့ပြီးစက်တင်ဘာလ ၃ ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်အချို့နေအိမ်တွေမှာ ရေဝင်ရောက်မှုတွေရှိခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ လယ်ဧက ၁၀၀ ထက်မနည်း ရေမြှုပ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီအချိန်တုန်းက နောင်မွန်မြို့ရဲ့ မြို့ပေါ်ရက်ကွက်အချို့နဲ့ ရပ်ကွက်(၂) အောက်ဘက်ပိုင်း နေရာတွေမှာ ရေဝင်ရောက်မှုတွေ ရှိခဲ့ပြီး ရေကြီးချိန်က နောင်မွန်အထက်ဘက်က ကြိုးတံတားအချို့လည်း ရေးစီးကြောင်းကြောင့် ပျက်စီးသွားခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here