မြန်မာက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည့်နှစ်အတွက် အစားထိုးတာဝန်ယူရန် အဆင်သင့်ဖြစ်နေဟု ဖိလစ်ပိုင်သမ္မတပြော

309

 

စက်တင်ဘာ၊၆

အာဆီယံဥက္ကဋ္ဌအဖြစ် ၂၀၂၆ ခုနှစ်မှာ အစားထိုးဝန်ယူဖို့ အသင့်ဖြစ်နေတဲ့အကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ် (Marcos) က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

အာဆီယံဥက္ကဋ္ဌရာထူးကို အဖွဲ့ဝင်နိုင်ငံတွေက အလှည့်ကျတစ်နှစ်စီ တာဝန်ယူကြပြီး အခု ၂၀၂၃ ခုနှစ် အာဆီယံဥက္ကဋ္ဌကတော့ အင်ဒိုနီးရှားနိုင်ငံ အလှည့်ဖြစ်ပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌကတော့ လာအိုနိုင်ငံဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွက်ကတော့ မလေးရှားနိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။

၂၀၂၆ ခုနှစ်မှာတော့ မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမှာဖြစ်ပေမဲ့ အဲဒီနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက တာဝန်ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဖိလစ်ပိုင်သမ္မတက စက်တင်ဘာလ ၅ ရက်နေ့မှာ ပြောသွားတာပါ။

ဖိလစ်ပိုင်သမ္မတက ဘာကြောင့် ဥက္ကဋ္ဌအဖြစ် တစ်နှစ်စောပြီးလက်ခံလိုက်လည်းဆိုတာ မပြောထားဘဲ ဒီကိစ္စနဲ့ပတ်သက်လို့တော့ စစ်ကောင်စီကလည်း အသေးစိတ်မထုတ်ပြန်သေးပါဘူး။

AFP သတင်းဌာနကတော့ အရှေ့တောင်အာရှနိုင်ငံက သံတမန် ၂ ယောက်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ထိပ်သီးစည်းဝေးပွဲတွေကို တခြားအာဆီယံမိတ်ဖက်နိုင်ငံတွေက မတက်ရောက်မှာစိုးရိမ်လို့ တစ်နှစ်စောပြီး ဖိလစ်ပိုင်ကို ဥက္ကဋ္ဌအဖြစ်ပေးလိုက်တာလို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီကို အစည်းအဝေးတချို့ကလွဲလို့ အာဆီယံထိပ်သီးအစည်းအဝေးတွေအပြင် တခြားဆက်စပ် အစည်းအဝေးတွေကို အာဆီယံက တက်ရောက်ခွင့် မပြုခဲ့ပါဘူး။

စစ်ကောင်စီဟာ အာဆီယံကချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို မလိုက်နာတာကြောင့် အခုကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေကိုလည်း တက်ခွင့်မရပါဘူး။

ဒီလဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ အာဆီယံလူထုဖိုရမ်မှာတော့ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here