EU ကိုယ်စားလှယ်များနှင့် ကချင်ပါတီများ တွေ့ဆုံ

1275

ဖေဖော်ဝါရီ ၂၇

မြစ်ကြီးနားမြို့ မနောင်ကွင်း၊ မဂျွယ်ခန်းမတွင် ဥရောပသမဂ္ဂ(EU)ကိုယ်စားလှယ်များနှင့် ကချင်နိုင်ငံရေးပါတီများပေါင်း စည်းရေးကော်မတီတို့ ဖေဖော်ဝါရီလ ၂၂ ရက်က တွေ့ဆုံခဲ့ကြရာ ကချင်ပြည်နယ်တွင်းဖြစ်ပွားနေသည့်  နိုင်ငံရေး၊ ဒုက်္ခသည်အရေးများအပြင် ကေအိုင်အို NCA တွင် လက်မှတ်ထိုးရေးကိစ္စများကို ထည့်သွင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုဆွေးနွေးပွဲတွင် ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကော်မတီမှ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးအောင်ခမ်းက လတ်တလော မြန်မာပြည်တွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကို အထောက်အပံ့ဖြစ်စေမည့် စစ်လက်နက်များကို EU ဘက်မှ ရောင်းချခြင်း မပြုလုပ်ရန်နှင့် စစ်ရှောင်ပြည်သူများအား ထောက်ပံ့မှု မရပ်တန့်ရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

“EU က သူတို့အနေနဲ့ မရောင်းပါဘူးလို့ ပြောတယ်။ မြန်မာပြည်ကို လက်နက်မရောင်းချဖို့ IDPs တွေကို ဆက်လက်ထောက်ပံ့ပေးဖို့ တင်ပြတယ်။ သူတို့လည်း တတ်နိုင်သလောက် ထောက်ပံ့ပေးနေတယ်ပြောပါတယ်” ဟု ဦးအောင်ခမ်းက ပြောသည်။

ဆွေးနွေးပွဲတွင် အီးယူအဖွဲ့က ကချင်နိုင်ငံရေးပါတီများအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို မည်သို့ သဘောထားကြောင်း၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ကို အန်စီအေ လက်မှတ်ထိုးရန် မည်သို့တိုက်တွန်းလိုကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်းများကို ကချင်ပါတီများအား မေးမြန်းခဲ့သည်ဟုလည်း သိရသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်၌ လက်နက်ကိုင်အချင်းချင်း ထိပ်တိုက်ဆွေးနွေးခြင်းသာလျှင် အရေးကြီးသည့်အတွက် ကချင်နိုင်ငံရေးပါတီများအနေဖြင့် ကေအိုင်အိုပါဝင်လာရန် တိုက်တွန်းမှုများ ပြုလုပ်သွားမည်မဟုတ်ကြောင်း ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကော်မတီမှ ဒေါက်တာ Mကောန်လက ပြောသည်။

“ဘာကြောင့်မလုပ်လဲဆိုတော့ လက်နက်ကိုင် အချင်းချင်း ထိပ်တိုက်ဆွေးနွေးမှုသာ အရေးကြီးတယ်။ အခြေခံအချက်အလက်တွေက ဒီဘက်က  နိုင်ငံရေးပါတီတွေက ပွင့်ပွင့် လင်းလင်းပြောရရင် ထဲထဲဝင်ဝင်မသိဘူး။ မသိတဲ့ဟာကို တိုက်တွန်းရင် မသင့်တော်ဘူးလေ”ဟု ဆိုသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မြန်မာ့တပ်မတော်နှင့်ကေအိုင်အေတို့ လက်နက်ကိုင်အချင်းချင်း ထိပ်တိုက်ဆွေးနွေးမှု ပြုလုပ်မှသာ ပိုမိုထိရောက်မည်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရဘက်ကလည်း ဆွေးနွေးခွင့်ရရှိရေး လမ်းကြောင်းဖွင့်ပေးရန် လိုအပ်သကဲ့သို့ ကေအိုင်အိုအဖွဲ့ NCA လက်မှတ်ရေးထိုးလာနိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့်သာ အဓိကတိုက်တွန်းမှု ပြုလုပ်သင့်ကြောင်း ဒေါက်တာ M ကောန်လက သုံးသပ်ပြောဆိုခဲ့သည်။

“လူထုသဘောထားနဲ့ပဲ ဆိုင်တယ်။ KIO ကလည်း ဒီဇင်ဘာတုန်းကတစ်ခါ လူထုတွေနဲ့ ဆွေးနွေးတယ်။ တိုက်ရိုက်ဆက်ဆံတယ်ဆိုတော့ နိုင်ငံရေးပါတီတွေအနေနဲ့ ဘာမှ မှတ်ချက်မပေးဘူး။ လူထုသဘောထားအပေါ်မှာပဲ မူတည်တယ်လို့ ဒေါက်တာတူးဂျာလည်း ထောက်ပြပြေ သွားတယ်။ မွန်ပြည်သစ်ပါတီက လူထုတိုက်တွန်းလို့ NCA လက်မှတ်ထိုးသွားတယ်။ ကချင်လူထုက ထင်ထင်ရှားရှားမပြောသေးဘူး။ နိုင်ငံရေးပါတီတွေကလည်း လူထုကို အခြေခံတဲ့အတွက်ကြောင့်မို့ လူထုကို ကျော်လွန်ပြီး မှတ်ချက်ပေးလို့ မသင့်တော်ဘူးလို့လည်း ဒေါက်တာတူးဂျာပြောလိုက်ပါတယ်” ဟု ဒေါက်တာ တူးဂျာ၏ဆွေးနွေးမှုကို ဒေါက်တာ M ကောန်လက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောပြသည်။

နိုင်ငံတစ်နိုင်ငံ ပြန်လည် ထူထောင်ရာတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူလူထုအားလုံး ပါဝင်ရမည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA တစ်ခုတည်းပိတ်ဆို့နေခြင်းမျိုးမဟုတ်ဘဲ NCA ထက် ကျော်လွန်သည့် တည်ဆောက်မှုမျိုး ရရှိလာရန် EU အနေဖြင့် ကူညီစေလိုကြောင်းလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်

“EAOs(Ethnic Armed Organization) တွေနဲ့ လူထုလူတန်းစားအားလုံးပါရမယ်လေ။ အဓိက ပြည်သူ လူထုပေါ့။ NCA စာချုပ်ကြောင့် ပြည်သူလူထုရဲ့အခန်းကဏ္ဍ မှေးမှိန်လာတာ မဖြစ်စေလိုပါဘူး” ဟု ယင်းက ပြောသည်။

  “EU အနေနဲ့ အဲဒီထက် ကျော်လွန်ပြီး ပြည်ထောင်စု တည်ဆောက်မှုကို ကူညီစေချင်တယ်။ အဲဒါဟာ တိုင်းရင်းသား အကျိုးကျေးဇူးကို ရှေးရှုရာဖြစ်တယ်လို့ ဆွေးနွေးဖြစ်တယ်” ဟု ဒေါက်တာ M ကောန်လက ပြောသည်။

ကချင်နိုင်ငံရေးပါတီများပေါင်းစည်းရေးကော်မတီအဖွဲ့နှင့် EU ကိုယ်စားလှယ်များသည် ထိုနေ့က အချိန်တစ်နာရီကျော်ကြာခန့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နိုင်ငံရေး၊ လူမှုရေးနှင့် ပါတီပေါင်းစည်းရေး လုပ်ငန်းများကို ဦးစားပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Salai

 

LEAVE A REPLY

Please enter your comment!
Please enter your name here