
အောက်တိုဘာ၊၂၈
ကိုးကန့်ဒေသကလာတဲ့ စစ်ဘေးရှောင်တွေကို အတက်နိုင်ဆုံးကူညီနေတယ်လို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။
မနေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ပြိုင်နက် ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရေးဖော်ဆောင်ပြီး ချင်းရွှေဟော်မြို့ကို သိမ်းပိုက်လိုက်ပါတယ်။ အခုအချိန်မှာလည်း စစ်ကောင်စီစခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေကြတာဖြစ်ပါတယ်။
“ဒီနေ့နေ့လယ်အထိ ၅၀၀၀ ကျော်ပါပြီ။ အတတ်နိုင်ဆုံးကူညီထားပါတယ်” လို့ လည်း ဦးညီရန်းက ပြောပါတယ်။
ကိုးကန့်ဒေသဖြစ်တဲ့ လောက်ကိုင်၊ ချင်းရွှေဟော်ရဲ့ အရှေ့တောင်ဘက်အခြမ်းမှာတော့ “ဝ” နယ်မြေဖြစ်တဲ့ နမ့်တစ်မြို့ရှိနေပြီး အဲဒီမြို့ကို စစ်ဘေးရှောင်တွေ ပြေးလာကြတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း “ဝ”အဖွဲ့က နမ့်တစ်မြို့နယ်ထဲက ဟိုတည်တွေ၊ တန်းခိုခန်းတွေ၊ အိမ်ငှားတာတွေကို ဈေးမတင်ကြဖို့နဲ့ စားသောက်ကုန်ပစ္စည်းတွေကိုလည်း ဈေးတင်မရောင်းဖို့ သတိပေးထားပြီး မလိုက်နာရင်အရေးယူးသွားမယ်လို့ အသိပေးစာထုတ်ပြန်ထားပါတယ်။
မနေ့က ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိန်းချုပ်ထားပြီးနောက် ချင်းရွှေဟော်ရဲ့မြောက်ဘက်က လောက်ကိုင်မြို့နားမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
လောက်ကိုင်မြို့မှာတော့ ကုန်ပစ္စည်းဈေးနှုန်းတွေဟာ နှစ်ဆနီးပါးတက်သွားပြီလို့ ဒေသခံတွေက ဆိုကြပါတယ်။
မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နှင့် ရက္ခိုင် (ULA/AA) အဖွဲ့အစည်း (၃) ဖွဲ့ဟာ မနေ့က ၁၀၂၇ ဆိုတဲ့ စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၄ နာရီမှာ တစ်ပြိုင်ထဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ဒီနေ့အထိတော့ အဲဒီအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ အနည်းဆုံး စစ်ကောင်စီရဲ့ စခန်း ၁၀ ခုကို တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။






