ကချင် ROCKER မလေး Ja Tsawm Labang

2639
ja tsawm kachin Rocker

သူမသည် The Myth Band နှင့်အတူ “အလင်းများဆီသို့”ဆိုသော The MYTH Solo Album အား ကိုယ်တိုင်သံစဉ်ဖြင့် တစ်ဦးတည်းရေးသားပြီး ထုတ်ဝေထားကာ ယခုအချိန်၌ Rock ပရိတ်သတ်များ၏ စိတ်ဝင်စားအားပေးမှုကို ခံနေရသူတစ်ဦးဖြစ်သည်။

ယခုအပတ်တွင်တော့ Myitkyina News Journal မှ သူမနှင့်ဆက်သွယ်ကာ သူမ၏ အနုပညာလှုပ်ရှားမှုများနှင့် ရှေ့ဆက်မည့် အနုပညာလမ်းကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး။ ။Ja Tsawm ကအနုပညာလောကထဲကို ဘယ်ခုနှစ်ကတည်းက စတင်ဝင်ရောက်ဖြစ်ခဲ့တာလဲ။ ဘယ်ခုနှစ်မှာ ခွေ စတင်ထုတ်ဝေခဲ့လဲ။

ဖြေ။ ။၂၀၁၁ကစပြီး အနုပညာလောကထဲ ဝင်ရောက်လာပြီး ပထမဆုံး The Myth Solo Album ကို ၂၀၁၆ မှာထုတ်ခဲ့ပါတယ်။

မေး။ ။The Myth Solo Album အကြောင်းလေးပြောပြပါလား။

ဖြေ။ ။သီချင်းအမျိုးအစား တွေက  Pop/Rock အမျိုးအစားပါ။ သီချင်း ၁၃ ပုဒ်ပါပါတယ်။ Album ထဲမှာပါတဲ့ သီချင်းအားလုံးကို ကိုယ်တိုင်ရေးသားထားပြီးတော့ Bass ကိုလည်း ကိုယ်တိုင်တီးခတ်ထားပါတယ်။ သီချင်းတွေကတော့  လူငယ်ဆန်ဆန်အချစ်သီချင်းတွေလည်းပါတယ်၊ လူငယ်တွေကိုအားပေးတဲ့ သီချင်းလေးတွေလည်း ပါတယ်။(ဘဝကိုလက်မလျှော့ဘဲ ကိုယ်ယုံကြည်ရာကို ရောက်အောင်သွားဖို့) ကိုယ်တိုင်ကြုံတွေ့ခံစားပြီး ရေးထားတဲ့သီချင်းတွေအများဆုံးပါပါတယ်။

မေး။ ။Ja Tsawmအနေနဲ့ ခုထွက်ရှိထားတဲ့ “အလင်းများဆီသို့”ခွေအပေါ်မှာ ပရိသတ်တွေရဲ့ တုန့်ပြန်မှုတွေ ဘယ်လောက်ရှိခဲ့လဲဆိုတာ ပြောပြပေးပါလား။

ဖြေ။ ။အတိုင်းအတာတစ်ခုထိတော့ ရထားပါတယ်။

မေး။ ။Ja Tsawm အနေနဲ့ ကချင်ပြည်နယ်ပရိသတ်တွေနဲ့ ပိုပြီးထိတွေ့အောင်လာရောက်ပြီး  Show သီဆိုဖို့ရှိပါသလား။

ဖြေ။ ။လက်ရှိတော့ကချင်ပြည်မှာ လာရောက်သီဆိုဖို့  မရှိသေးပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ ဇာတိကချင်မြေမှာ Show ပွဲလာဆိုဖို့ အခွင့်အရေးရလာရင် ဆိုဖို့အသင့်ပါပဲ။ အခွင့်အရေးရလာမယ်လို့လဲ မျှော်လင့်ပါတယ်။

မေး။ ။Ja Tsawmကိုအဓိက ခွန်အားပေးနေတာဘယ်အရာဖြစ်မလဲ။

ဖြေ။ ။မျှော်လင့်ချက်ပေါ့။

မေး။ ။Ja Tsawm ဒီနှစ်ထဲမှာ အနုပညာလှုပ်ရှားမှုတွေ ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ။ ။အမြဲတမ်းတော့ အနုပညာအလုပ်ကိုပဲ လုပ်နေတာပါပဲ။ အများဆုံးဆိုဖြစ်တဲ့ ရှိုးပွဲတွေကတော့ Turning Table က ပြုလုပ်တဲ့ရှိုးပွဲတွေပါ။ နောက်ပြီး Idiots အဖွဲ့က ကို Raymond တို့နဲ့အတူတချို့ Rock Show ပွဲတွေမှာဆိုဖြစ်ပါတယ်။ ဒီနှစ်ပြီးခဲ့တဲ့ February ၁၇က်မှာ ပြုလုပ်တဲ့ Idiots One Band Show မှာလည်း ပါဝင်သီဆိုဖြစ်ခဲ့ပါတယ်။

မေး။ ။ Ja Tsawm အနေနဲ့ Myitkyina News Journal ပရိသတ်တွေကို ဘာတွေပြောချင်ပါသလဲ။

ဖြေ။ ။အနုပညာနဲ့ ပတ်သက်ပြီး လုပ်စရာရှိတဲ့အလုပ်တွေဆက်လုပ်သွားပါမယ်။ သီချင်းတွေ ဆက်လက်ဖန်တီးသွားပါမယ်။ ကျွန်မချစ်တဲ့ ပြီးတော့ ကျွန်မကိုချစ်တဲ့ ခရစ်တော်နဲ့အတူပေါ့။

SAM

LEAVE A REPLY

Please enter your comment!
Please enter your name here