အောက်တိုဘာ၊၁၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင် ရပ်ကွက် ကြိုးတံတားအနီးမှာ နယ်ထိန်းအရာရှိတစ်ဦး ဒီကနေ့မနက်ပိုင်း(၁၀)နာရီလောက်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ပစ်သတ်ခံရတဲ့ နယ်ထိန်းဟာ မရှီကထောင်ရပ်ကွက်ဘက်က ပြန်လာချိန် ပစ်သတ်ခံရတာ ဖြစ်တယ်လို့ ကြားမိတဲ့ အကြောင်း ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“ဖြစ်စဉ်ကတော့ သေချာတယ်။ အရပ်သတင်းကြားရတာကတော့ နယ်ထိန်းတစ်ယောက် မရှီကထောင် မာဆပ်ကအပြန်မှာ ပစ်သတ်ခံရတယ်လို့ ပြောကြတာပဲ”လို့ ဒေသခံက ဆိုပါတယ်။
ဒေသခံအချို့ရဲ့ ပြောပြချက်အရ သေနတ်(၃)ချက် ပစ်ခံရပြီး ရင်ဘတ်မှာ ထိမှန်တာ ရှိခဲ့တယ်လို့ သိရပေမယ့် သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ဖားကန့်မြို့ ဆိပ်မူကျေးရွာ မှော်ရှန်ရပ်ကွက်မှာ ဩဂုတ် (၃)ရက်နေ့ကလည်း ရဲတပ်ရင်း(၃၀)က ရဲမှူး ကိုကိုလွင် အပြင် ရဲအုပ်တစ်ဦးပါ ပစ်ခတ်ခံရပြီး သေဆုံးမှုတွေ ရှိခဲ့ပါတယ်။