ဆယ်ဇင်းကျေးရွာ ပြန်လည်ထူထောင်ရေး ကော်မတီ ဖွဲ့စည်းသော်လည်း အများစုမှာ ရွာအတွင်းပြန်ဝင်လိုစိတ် မရှိသေး

249
ဆယ်ဇင်းကျေးရွာ ပြန်လည်ထူထောင်

အောက်တိုဘာ၊၄

တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့ရတဲ့ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအတွက် ပြန်လည် ထူထောင်ရေး ကော်မတီတွေဖွဲ့စည်းထားပြီ ဖြစ်ပေမယ့် ဒေသခံ အများစုကတော့ ရွာအတွင်းကို ပြန်ဝင်လိုစိတ် မရှိကြသေးဘူးလို့ သိရပါတယ်။

ဒေသခံအချို့က ရွာအတွင်း ပြန်လည်ဝင်ရောက်ချင်ပေမယ့် ရွာအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ သတ်မှတ်ချက်တွေအပြင် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ဘက်ကလည်း ပြန်လည် ဝင်ရောက်ဖို့အတွက် တစ်စုံတစ်ရာမှ ပြောဆိုတာမျိုးမရှိသေးတာကြောင့် အများစုကတော့ မပြန်ရဲကြသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီဘက်ကနေ သတ်မှတ်ချက်တွေနဲ့ တစ်နေ့မှာ လူ (၅) ယောက်လောက်ကို ဝင်ခွင့်ပေးနေပြီး ပစ္စည်းတွေ သယ်ယူရင် စစ်ကောင်ကို ငွေကြေးပေးဆောင်ရတယ်လို့ ဆယ်ဇင်းကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ ဒေသခံအမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ တန်ဖိုးမရှိတဲ့ ပစ္စည်းတွေပဲကျန်တာပေါ့။ ပြောမယ်ဆိုရင်တော့ အိမ်က အခွံတွေပဲ ရှိတော့တာ” လို့ ပြောဆိုခဲ့တာပါ။

ဆယ်ဇင်းကျေးရွာတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ဆယ်ဇင်းကျေးရွာအနီးက ဒေသတွေဖြစ်ကြတဲ့ ရွှေတွင်း၊ ရွှေပြည်မြင့် နဲ့ လမ်းဆုံ ကျေးရွာက ဒေသခံတွေထိပါ တိမ်းရှောင်နေကြရတာဖြစ်ပြီး ရွာအတွင်း ပြန်ဝင်လိုစိတ်မရှိဘူးလို့လည်း ဆယ်ဇင်းကျေးရွာသား တစ်ဦးက ပြောပါတယ်။

ကျွန်တော်တို့ ကိုယ်တိုင်လည်း မသွားတော့ဘူးလေ။ သွားဖို့လည်း ဆန္ဒမရှိတော့ဘူးပေါ့နော်” လို့ ဆိုပါတယ်။

ဆယ်ဇင်းကျေးရွာရဲ့ ဝင်ပေါက်ထွက်ပေါက်တိုင်းကို စစ်ကောင်စီဘက်ကနေ ထိန်းချုပ်ထားပြီး တောလမ်းဖြစ်တဲ့ နမ့်ပုတ်ကျေးရွာဘက်က လမ်းကနေသာ ဝင်ထွက်ခွင့်ပြုထားပြီးတော့ အခုလို ဝင်ခွင့် ပေးတာ (၁၅) ရက်လောက် ပဲရှိသေးတယ်လို့လည်း သိရပါတယ်။

ဆယ်ဇင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၆) ရက်နေ့က စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်တွေနဲ့ KIA တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီကနေ ဒေသခံတွေရဲ့ လူနေအိမ် (၄၀၀)နီးပါး မီးရှို့ဖျက်ဆီးခဲ့သလို လူအယောက် (၅၀)နီးပါး သတ်ဖြတ်ခံခဲ့ရပြီး ဒေသခံ (၂၀၀၀) ခန့် စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here