မိုးကောင်းမြို့တွင် တစ်ရက်တည်း ကိုဗစ်ပိုးတွေ့ရှိသူ (၄) ဦးရှိခဲ့ပြီး ရောဂါအခံရှိသူ တစ်ဦးသေဆုံး

374
ကိုဗစ်-မိုးကောင်းမြို့

အောက်တိုဘာ၊ ၄

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ မနေ့က အောက်တိုဘာလ (၃) ရက်နေ့ တစ်ရက်ထဲမှာပဲ ကိုဗစ်ပိုးတွေ့လူနာ (၄) ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ရောဂါအခံရှိတဲ့ တစ်ဦး သေဆုံးသွားတယ်လို့ ပရဟိတလူမှုကူညီရေးအဖွဲ့ဆီက သိရပါတယ်။

မနေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့သူတွေဟာ တခြားရောဂါတွေအတွက် ဆေးရုံလာပြရင်း ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးတဲ့အချိန် (၁၆) ဦးထဲက (၄) ဦးမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ရောဂါအခံရှိသူတစ်ဦးကတော့ မနေ့ကည (၈) နာရီ အချိန်လောက် မှာ ဆုံးသွားတာဖြစ်တယ်လို့ မိုးကောင်းမြို့ စုပေါင်းပရဟိတ ဥက္ကဌက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အခုသေဆုံးသွားတဲ့သူက နှလုံးကိုစက်တပ်ထားတာ။ နည်းနည်းအသက်လည်း ကြီးတဲ့ပိုင်းမှာပါတယ်။” လို့ အထက်ပါဥက္ကဌက ဆိုပါတယ်။

မိုးကောင်းမြို့မှာ ကိုဗစ်ပိုးပြန်လည်တွေ့ရှိလာတာဟာ ရက်ပေါင်းနှစ်ဆယ်ခန့် ရှိလာပြီဖြစ်ပြီး ဆေးရုံက စစ်ဆေးတွေ့ရှိတဲ့ ပိုးတွေ့ရှစ်ဦးထဲက တစ်ဦးသေဆုံးပြီး နှစ်ဦး ဆေးရုံဆင်းသွားပြီဖြစ်သလို ကျန်သူတွေကတော့ ကိုဗစ်ကြပ်မတ်ဆောင်မှာ ထားရှိတယ်လို့ သိရပါတယ်။

အဲဒီပိုးတွေ့ လေးဦးထဲက နှစ်ဦးဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသားဖြစ်တယ်လို့ သိရပြီး တခြားပြင်ပနေရာတွေက ကိုဗစ်စစ်ဆေးမှုတွေမှာလည်း Positive ဖြစ်တာတွေရှိတယ်လို့ သိရပါတယ်။

အခုနောက်ပိုင်း ပြည်သူလူထုတွေအနေနဲ့ ကိုဗစ်စည်းကမ်းနဲ့အညီ လိုက်နာနေထိုင်တာမျိုးတွေ မရှိတော့တာကြောင့် စည်းကမ်းနဲ့အညီ နေထိုင်ကြဖို့ကိုလည်း ပရဟိတအဖွဲ့က တိုက်တွန်းထားပါတယ်။

ပြည်သူတွေကို ကိုဗစ်စည်းကမ်းနဲ့အညီ ပြုမူနေထိုင်ပြီးတော့ အရေးအကြောင်းဆိုရင် ကျွန်တော်တို့ လာပြီးတော့ကူညီဖို့ အဆင်သင့်ပါပဲခင်ဗျာ ။ ပြည်သူတွေကိုလည်း ပြောပေးပါခင်ဗျာ mask(နှာခေါင်းစည်း) လေးအုပ်ပြီးတော့ လက်ကလေး သေချာဆေးပေးဖို့ ပြည်သူတွေကိုပြောချင်ပါတယ်ခင်ဗျ။ ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းတုန်းက မိုးကောင်းမြို့မှာ ကိုဗစ်ကူးစက်သူတွေများပြားခဲ့သလို သေဆုံးသူ နှစ်ရာကျော်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အခုနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိမှုတွေမှာ ကချင်ပြည်နယ်က မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း ၊ မိုးမောက်၊ ဗန်းမော် ၊ ပူတာအို ၊တနိုင်း စတဲ့မြို့နယ်တွေပါဝင်ပါတယ်။

ပုံဟောင်းအသုံးပြုထားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here