ဇူလိုင်၊၂၉
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ဂိတ်စခန်းမှာ လမ်းသွား/လာပြည်သူတွေကို ဒီကနေ့မနက်မှာလည်း စစ်ဆေးရေးတင်းကြပ်နေတယ်လို့ သိရပါတယ်။
လမ်းသွား/လာ ပြည်သူ တွေကို တားဆီးပြီးအိတ်၊ ဖုန်းတွေပါမကျန် စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။
မနေ့က အဲဒီဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်စစ်ဆေးရေး စစ်ဆေးရေး ပိုမို တင်းကြပ်စွာ လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ပြည်သူတစ်ဦးက ပြောပါတယ်။
အခုလို ရွာအတွင်း ဂိတ်စခန်းထိုင်ပြီး လမ်းမပေါ် စစ်ဆေးနေတာတွေဟာ မဖြစ်သင့်ကြောင်းနဲ့ ပြည်သူတွေဝမ်းရေးအတွက် သွားလာလှုပ်ရှားရမယ့်အချိန်တွေမှာ အဟန့်အတား ဖြစ်စေတယ်လို့ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“စစ်သားဆိုတာ ရွာမှာနေတဲ့ အမျိုးမဟုတ်ဘူး။ တော၊ တောင်တွေမှာ နေ။ စစ်သား အချင်းချင်းပဲ တိုက်ရမှာ။ မြို့ပြင်၊ ရွာပြင်မှာ နေတဲ့အမျိုး။ ပြည်သူတွေကို ကာကွယ်ရမယ်။ ခုပုံစံက ပြည်သူတွေကို ဒုက္ခပေးနေတာ။ ညရေး၊ညတာဖျားနာပြီဆိုရင် ခက်မှာ သူတို့က အဲဒီလို လုပ်ထားတော့အခန့်မသင့် မြန်မြန် သွားရမယ်ဆိုရင် သူတို့က ဘာမှမဟုတ်တာကို စစ်ဆေးမေးမြန်းနေပြီး အချိန်ကြာစေတယ်။ ကားတွေ တစ်စီးနဲ့ တစ်စီး ပြန်ပိတ်မိ အဲဒါတွေ ခက်နေတာ။ “လို့ သူက ပြောပါတယ်။
လက်ရှိ ဝိုင်းမော်မြို့ အမှတ် (၅၈) တပ်ရင်းကနေ စစ်ကောင်စီ တပ်သား (၃၀)လောက် အဲဒီတိုက်ခိုက်ခံရတဲ့ ဝူယန်ပြည်သူ့စစ် ဂိတ်စခန်းမှာ သွားရောက် စစ်ကူချထားပြီး ပြည်သူတွေကို တားဆီး မေးမြန်းတာတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့ည (၉)နာရီ လောက်က (၁၁)နာရီလောက်အထိ ဝိုင်းမော်မြို့နယ် (၅၈)တပ်ရင်းနဲ့ ဝူယန်ပြည်သူ့စစ် ဂိတ်စခန်းကနေ လက်နက်ကြီးပစ်ခတ် သံတွေ ကြားရတယ်လို့ သိရပါတယ်။
ဝိုင်းမော်မြို့နယ်၊ဝါရှောင်ကျေးရွာအနီး နန်ဇော်ယန်ကျေးရွာဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတာလည်း ဖြစ်ပါတယ်။