ဆယ်ဇင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတွေတိမ်းရှောင်သွား

16

 

ဧပြီ ၊၉

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ ဒီကနေ့ညနေပိုင်း ၅ နာရီကစ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတွေလည်း နီးစပ်ရာထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဒီကနေ့မနက် ဆယ်ဇင်းကျေးရွာက ရဲစခန်းမှာ ပစ်ခတ်သံကြားရပြီး ညနေပိုင်းမှာတော့ KIA ကနေ ဒေသခံတွေကို ရွာကထွက်ဖို့ ပြောပြီးတဲ့နောက် ရွာထဲမှာ တိုက်ပွဲဖြစ်ပွားနေတာလို့ ဆယ်ဇင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

နာရီခွဲနဲ့ နာရီကြားကို ထွက်ခွင့်ပေးလို့ ကျွန်တော်တို့ ထွက်လာပြီ။ အခုတွယ်(တိုက်ပွဲဖြစ်)နေပြီ။ ဆယ်ဇင်းရွာထဲမှာ အသံတွေ ကြားနေရပြီ။ ညှိတာမပြေလည်ဘူးပြောတယ်။ နာရီစတာပဲ။ လို့ ဆိုပါတယ်။

ဆယ်ဇင်းရဲစခန်းမှာ အသံဗုံးနဲ့ ပစ်ခတ်မှုတွေရှိလာတဲ့ ဒီကနေ့မနက်ပိုင်းကတည်းကနေ ဆယ်ဇင်းဒေသခံ သုံးပုံနှစ်ပုံလောက်ဟာ တာမခန်၊ ဟိုပင် စတဲ့နေရာတွေအပြင် နီးစပ်ရာ ကျေးရွာတွေဘက် ထွက်ပြေးတိမ်းရှောင်သွားကြတာလို့ ဆိုပါတယ်။

ထွက်မပြေးဘဲ ရွာထဲမှာ ကျန်နေသေးတဲ့ ဒေသခံတွေကိုတော့ ဒီကနေ့ညနေပိုင်းမှာပဲ KIA က ထွက်ခွာဖို့ ပြောတာကြောင့် ဆိုင်ခန်းတွေပိတ်ပြီး ထွက်လာကြတာလို့ သိရပါတယ်။

ဆယ်ဇင်းတိုက်ပွဲမဖြစ်ပွားခင် မြစ်ကြီးနား-ဖားကန့်လမ်းပေါ်မှာ ဒီကနေ့ဖြစ်ပွားတဲ့ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီးတော့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မြစ်ကြီးနားသတင်းဂျာနယ်က မေးမြန်းတဲ့အချိန် အခုလိုဖြေကြားပါတယ်။

ဖားကန့်နန့်ယားဘက်မှာ ဒီမနက်ကတည်းက တိုက်ပွဲဖြစ်ပွားတာရှိတယ်။ ဆယ်ဇင်းဘက်မှာ တိုက်ပွဲဖြစ်ပြီး စခန်းသိမ်းတယ်လို့တော့ကြားတယ်။ ဒါပေမဲ့ကျွန်တော်တို့ဆီမှာ တရားဝင် အကြောင်းကြား လာတာတော့မရှိသေးဘူး။လို့ ဆိုပါတယ်။

ဒီကနေ့မနက် ၁၁ နာရီဝန်းကျင်လောက်မှာ ဆယ်ဇင်းကျေးရွာက ရဲစခန်းကို KIA က သိမ်းပိုက်လိုက်ပြီး လက်နက်ချ အညံ့ခံတဲ့သူတွေရှိတယ်လို့ ကြားသိရပေမဲ့ တိတိကျကျ အတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဆယ်ဇင်းရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းကုန်းဟာ ဆိုင်ကယ်နဲ့သွားရင် ၅ မိနစ်လောက်သာ ဝေးတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်း ဆယ်ဇင်းရဲစခန်းမှာ ပစ်ခတ်သံကြားရတဲ့အချိန် စစ်ကောင်စီ တပ်ဘက်ကတော့ ဘာမှလှုပ်ရှားတာမရှိခဲ့ဘူလို့လည်း ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းကနေ KIA တပ်ဖွဲ့ဟာ ဆယ်ဇင်းကျေးရွာတဝိုက်မှာ စစ်ကြောင်းထိုး လှုပ်ရှားမှုရှိနေတာဖြစ်ပြီး အထက်ပါဒေသဟာ KIA တပ်ရင်း ၂၆ ရဲ့ လှုပ်ရှားနယ်မြေ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here