ဧပြီ၊၂၅
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ ဒီကနေ့မနက် ၄ နာရီခွဲလောက်ကနေ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။။
“ဗန်းမော်ဘက်က စစ်ရေးအခြေအနေကတော့ ဒီမနက် ၄ နာရီခွဲလောက်ကနေ အပြင်းအထန် ပစ်ခတ်ကြတယ်တဲ့။ နှစ်ဖက်စလုံးကနေ ပစ်ခတ်ကြတာပေါ့။ မြေပြင်ရော၊ လေယာဉ်နဲ့ပါ ပစ်ခတ်ကြတယ်တဲ့။ အခု ဘယ်လို ဖြစ်တယ်ဆိုတာတော့ ဘာမှ မကြားရသေးဘူး။“လို့ ဗိုလ်မှူးကြီးနော်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
ဗန်းမော်မြို့အတွင်းက စစ်ကောင်စီတပ်တွေကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေကနေ ဒီဇင်ဘာလ ၄ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး KIA ပူးပေါင်းတပ်ဖွဲ့တွေကနေ ဗန်းမော်မြို့ နေရာအများစုကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဗန်းမော်မြို့က စကခ ၂၁ တပ်စခန်းကြီး အပါအဝင် မြို့တွင်းက လက်ကျန်တပ်တွေကို တိုက်ခိုက်နေတာလို့လည်း ဒေသခံတွေနဲ့ လူမှုကွန်ရက်တွေက ဖော်ပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ဆိုပြီး ဧပြီ ၂ ရက်ကနေ့ ဧပြီလ ၂၂ ရက်နေ့ထိ ယာယီအပစ်ရပ်တယ်လို့ ကြေညာခဲ့ပြီးနောက် ဧပြီ ၂၂ ရက်နေ့မှာတော့ ဧပြီလ ၃၀ ရက်နေ့ထိ ထပ်မံတိုးမြှင့် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ဗန်းမော်မြို့ဘက် မြေပြင်တိုက်ပွဲတွေ မရှိတော့ပေမဲ့ စစ်ကောင်စီကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ၇ ရက်အပစ်ရပ်သက်တမ်းထပ်တိုးထားချိန် ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာတာလည်း တွေ့ရပါတယ်။
လဝါးလီဒိုလမ်းဘက်မှာ ဧပြီလ ၁၄ ရက်နေ့ကနေ စပြီး စစ်ကောင်စီတပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းတပ်တွေ လဝါးကျေးရွာ အနီးတစ်ဝိုက် KIA တပ်ရင်း ၂၀ နယ်မြေဘက် စစ်ကြောင်းထိုးလာတဲ့အတွက် KIA ပူးပေါင်းတပ်ကနေ ခုခံရင်း လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့ သိရှိရပါတယ်။
တစ်ဖက်မှာလည်း ဖားကန့်ဒေသဘက် အင်အားအများအပြားပါဝင်တဲ့ စစ်ကောင်စီပူးပေါင်းတပ်ဟာ ကာမိုင်းဘက်နဲ့ အင်းတော်ကြီးဘက်ကနေ စစ်ကြောင်းကြီးနှစ်ခုနဲ့ တက်လာတာကြောင့် စစ်ရေးတင်းမာနေတဲ့ အခြေအနေလည်း ရှိနေပါတယ်။