ဧပြီ၊၂၅
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ လမြန်၊ နောင်စီပေါနဲ့ စန်းကားကျေးရွာဘက်ကို စစ်ကောင်စီဘက်က ဒီနေ့မနက်ပိုင်းကတည်းကနေ လက်နက်ကြီးတွေနဲ့ အချိန်ခြားပြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဲဒီဘက်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ဝိုင်းမော်မြို့မှာရှိတဲ့ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနားမြို့ဘက်ခြမ်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
” တိုက်ပွဲမဖြစ်ဘူး။ ၅၈ ဘက်ကတော့ ဒီမနက် ၂ ကြိမ်နောင်စီပေါဘက်ပစ်တယ်။“လို့ အထက်ပါမြို့ခံက ဆိုပါတယ်။
အဲဒီကျေးရွာတစ်လျှောက်ကို မြစ်ကြီးနားဘက်က ပစ်ကူသံတွေ ဆက်တိုက်ကြားနေရကြောင်းနဲ့ လက်နက်ကြီးပေါက်ကွဲသံ၊ လက်နက်ငယ်သံတွေပါ အစုံကြားနေရကြောင်း နောက်ထပ် ဝိုင်းမော်ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဒါ့အပြင် လွန်ခဲ့တစ်အပတ်ကလည်း ၅၈ တပ်ကနေ လက်နက်ကြီးတွေနဲ့ လမြန်၊ ဝူယန်ကျေးရွာဘက်တွေကို ပစ်ခတ်တာမျိုး ရှိခဲ့တယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဝိုင်းမော်-လိုင်ဇာလမ်းတစ်လျှောက်နဲ့ ဝိုင်းမော်-ကန်ပိုက်တည်လမ်းတစ်လျှောက်ကကျေးရွာတွေကို မနှစ်ကတည်းက တိုက်ခိုက်သိမ်းပိုင်းထားပြီး ဖြစ်ပါတယ်။
အဲဒါကြောင့်အခုချိန်မှာ ဝိုင်းမော်မြို့အထွက် ၅၈ တပ်ရင်း(အရှေ့ဘက်)နဲ့ သာဂရ(တောင်ဘက်) အထိသာ စစ်ကောင်စီက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
အဲဒီကျေးရွာတွေဘက်မှာ အိမ်စောင့်သဘောနဲ့ကျန်ခဲ့တဲ့ ဒေသခံတချို့ ရှိနေသေးတာဖြစ်ပြီး ဒေသခံပြည်သူအားလုံးနီးပါး စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းမှာလည်း အင်အားထောင်ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကြားသိရသလို ဗန်းမော်မြို့မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြနေပါတယ်။