ဇူလိုင်၊၁၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့နယ်အစပ်က ဒေသတစ်ခုဖြစ်တဲ့ ဆယ်ဇင်းဒေသဘက်မှာ ရှမ်းနီSNAပြည်သူ့စစ်တွေနဲ့ KIA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားနေပြီး ရွှေတွင်းလမ်းဆုံကျေးရွာက ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်းကနေ ၁၄ ရက်နေ့မနက်အတွင်း ရှမ်းနီ SNA ပြည့်သူ့စစ်တပ်ဖွဲ့ဟာ ဆယ်ဇင်းတိုက်နယ်ထဲက ချောင်းဖျားကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတာလို့ သိရပါတယ်။
တိုက်ပွဲကြောင့် ရွှေတွင်းလမ်းဆုံကျေးရွာက ဒေသခံ အယောက်တစ်ရာကျော် နီးစပ်ရာ ရွာတွေဘက် တိမ်းရှောင်နေရပြီး အကူညီတွေလိုအပ်နေတယ်လို့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်တော့ နမ့်ပုတ်ဘက်တချို့ပြောင်း တချို့က တာမခန်ဘက်ပြောင်းနဲ့ အားလုံးက ခက်နေကြတယ်။အခုအဓိကအရေးကြီးတာက အစားသောက်နဲ့ သောက်ရေတွေပါ။ တလောက တော့ ဆယ်ဇင်းမှာ ရေကြီးပြီး ရေဘေးကြုံခဲ့တာ အခုက စစ်ပြန်ရှောင်ရတာပေါ့။” လို့ ဆိုပါတယ်။
တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူအိမ်ထောင်စု စုစုပေါင်း ၂၉ စု၊ လူဦးရေ ၁၅၀ အတွက် လက်ရှိမှာ အစားအသောက်နဲ့ သောက်ရေတွေ အရေးတကြီးလိုအပ်နေတယ်လို့လည်း သိရပါတယ်။
ဆယ်ဇင်းတိုက်နယ်ထဲက၊ နမ့်ပုတ်ကျေးရွာမှာ အိမ်ထောင်စု ၉ ခု၊ အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၂၈ ဦး စုစုပေါင်းလူဦးရေ ၆၂ ဦး တိမ်းရှောင်နေကြတာဖြစ်ပါတယ်။
ဒါ့အပြင် ဆယ်ဇင်းကျေးရွာမှာတော့ နေရာနှစ်ခုမှာတိမ်းရှောင်နေကြတာဖြစ်ပြီး အိမ်ထောင်စု ၂၀၊ အမျိုးသား ၅၁ ဦးနဲ့ အမျိုးသမီး ၃၇ ဦး စုစုပေါင်း ၈၈ ဦး တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။လက်ရှိမှာလည်း အဲဒီဒေသဘက် တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။
ရွှေတွင်းကျေးရွာနဲ့ ချောင်းဖျားရွာတွေဟာ ရွှေတူးတဲ့နေရာဖြစ်သလို ဈေးရောင်းချသူတွေအများစုရှိတဲ့ ရွာငယ်တွေဖြစ်တယ်လို့သိရပါတယ်။
ဒီရက်ပိုင်းအတွင်း ဆယ်ဇင်းဒေသဘက်မှာ စစ်ကြောင်းထိုးမှုတွေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း နောက်ထပ်ရင်းမြစ်တစ်ဦးထံကလည်း သိရပါတယ်။
ဖားကန့်မြို့နယ်ထဲက ဆယ်ဇင်းကျေးရွာကို ကချင်လွတ်လပ်ရေးတပ် KIA ပူပေါင်းတပ်ဖွဲ့က ၂၀၂၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်ဟောင်းပါးကျေးရွာမှာလည်း ဆယ်ဇင်းတိုက်နယ်၊ ဆယ်ဇင်း(စုံတွဲမှော်) က စစ်ရှောင်လာတဲ့သူ ၁၀ ဦးရှိတယ်လို့ သိရပါတယ်။
ပုံစာ-ဆယ်ဇင်ကျေးရွာအား တွေ့ရစဉ်။ ပုံဟောင်းဖြစ်ပါသည်။






