ကုန်းလော KBC ဘုရားကျောင်းဝင်းကို စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ သေဆုံးကြောင်း ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု

72

 

နိုဝင်ဘာ၊၁၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC) ဘုရားကျောင်းဝင်းအတွင်းကို ဒီကနေ့ညနေပိုင်း ၄ နာရီကျော် ဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ်တွေ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောကြားလိုက်ပါတယ်။

ဘုရားကျောင်းဝင်းအတွင်း ကလေးတွေ ဆော့ကစားနေချိန် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေ အများအပြား သေဆုံးမှုရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

ခုနက နာရီကျော်ဝန်းကျင်လောက်မှာ ကုန်းလော ဘုရားကျောင်းဝင်းမှာ ဗုံးလာချတယ်။ ကလေးတွေ ကစားနေတဲ့အချိန် လာချတာ ဖြစ်တဲ့အတွက် ကလေးတွေ သေဆုံးမှု တော်တော်များတယ်လို့ ကြားရတယ်။ စစ်ရှောင်ကလေးတွေလည်း ပါတယ်။ ဒါပေမဲ့ မိန်းကလေး၊ ယောကျာ်းလေး ဘယ်လောက် အသေးစိတ်ကိုတော့ မသိရှိရသေးဘူး“လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဘေးပတ်ဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့အပြင် ပြည်သူတွေသာ သီးသန့် နေထိုင်တာ နေရာဖြစ်တာကြောင့် အခုလို လာရောက်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။

ကုန်းလောမှာ လေယာဉ်နဲ့ ဗုံးလာချတယ်ဆိုတာ အတည်ပြု ပါတယ်။ ဘုရားကျောင်းဝင်းမှာ လာချတယ်။ ဘေးပတ်ဝန်းကျင်မှာ တိုက်ပွဲလည်း မရှိဘူး။ ပြည်သူတွေ သီးသန့်နေတယ်။ ဘုရားကျောင်းဝင်းမှန်း သိသိရက်နဲ့ လာပစ်တာက စစ်ရာဇဝတ်မှု မြောက်တဲ့ဟာ ဖြစ်တယ်လို့ ပြောချင်ပါတယ်လို့ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတွေ အများအပြား သေဆုံးခဲ့ရပြီး အတိအကျစာရင်းကိုတော့ မသိရှိရသေးဘူးလို့ ပြောပါတယ်။

KBC ဘုရားကျောင်းဝင်းမှာ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကလေးတွေ သေဆုံးမှုရှိခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိတယ်လို့လည်း ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရတာပါ။

လက်ရှိ မိုးမောက်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ၄၃၇ တပ်စခန်းကြီးကို KIAကနေ တိုက်ခိုက်သိမ်းပိုက်အပြီး ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးတာတွေ ရှိတဲ့အတွက် စစ်ရေးတင်းမာနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here