ဇူလိုင်၊၃၁
ကသာမြို့နယ်အတွင်းက ကျေးရွာတွေမှာ လွန်ခဲ့တဲ့အပတ်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့တဲ့အတွက် ကျေးရွာတစ်ချို့က ရွာသားတစ်ချို့ကို ဖမ်းဆီးသတ်ဖြတ်ပြီး အထက်တန်းကျောင်းသူနှစ်ဦးကိုပါ မုဒိမ်းဝိုင်းကျင့်ခဲ့တာကြောင့် တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီကနေ အင်းဒရန့်ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာချိန် ကျောင်းကပြန်လာတဲ့ အထက်တန်းကျောင်းသူ နှစ်ဦးကို မုဒိမ်းဝိုင်းကျင့်ခဲ့တာကြောင့် တစ်ဦးသေဆုံးသွားပြီး တစ်ဦးကတော့ ဆေးကုသခံယူနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“မိန်းကလေး နှစ်ယောက်က ကျောင်းသူဟုတ်တယ်။ ညနေကျောင်းဆင်းပြီးလာတဲ့အချိန် အိမ်မှာဘယ်သူမှ မရှိဘူး။ သူတို့နှစ်ယောက်လည်း ပြေးဖို့ အချိန်မရ၊ အဲဒါကို စစ်သားတွေ မုဒိမ်းကျင့်လိုက်တာ။ တစ်ယောက်က မခံနိုင်လို့ ဆုံးသွားတယ်။ တစ်ယောက်က ဆေးရုံမှာဟုတ်တယ်။ အသက်ရှင်တယ်။”လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ ဇူလိုင်လ ၂၇ ရက်နေ့မှာ ကသာမြို့နယ်၊ ဆင်ကုန်းကျေးရွာက နေအိမ်တွေကို မီးဝင်ရှို့ပြီး ၂၈ ရက်နေ့မှာ အင်းဒရန့်ကျေးရွာနဲ့ ပုလွေရွှေကျေးရွာ ဒေသခံတွကို သတ်ဖြတ် မုဒိမ်းကျင့်တာတွေ ပြုလုပ်ခဲ့ပြီးတော့ ၃၀ ရက်နေ့မှာ ကသာမြို့နယ်၊ ချောင်းဝကျေးရွာက နေအိမ်တွေနဲ့ ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်းကျေးရွာက နေအိမ်တွေကို မီးဝင်ရှို့သွားတဲ့အပြင် ဆင်ဒါကာကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ အပတ်က မန္တလေးတိုင်းကနေ ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘာကို ကာကွယ်ဖို့ ဧရာဝတီမြစ်ကမ်းနှစ်ဖက်မှာရှိတဲ့ ကျေးရွာတစ်လျှောက် စစ်ကြောင်းတွေထိုးပြီး ကင်းပုန်းချတာ တွေပြုလုပ်တဲ့အတွက် KIA၊PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီကနေ ကျေးရွာဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖြစ်တယ်ဆိုပါတယ်။
“တော်တော်များများ သေတယ်(စစ်ကောင်စီ)။ အဲဒီမှာ သူတို့မကျေနပ်တဲ့အချိန်ကျတော့ ပေါ်တာလိုလို၊ လူသားဒိုင်းလိုလို ဖမ်းဆီးပြီး ခိုင်းနေတဲ့ ၄ ယောက်ကို ပစ်သတ်လိုက်တယ်တဲ့။”လို့ အထက်ပါဒေသခံက ဆိုပါတယ်။
သတ်ခံရတဲ့ အမျိုးသား ၄ ဦးဟာ အင်းဒရန့်ကျေးရွာနဲ့ ပုလွေရွှေကျေးရွာက ဒေသခံတွေဖြစ်ကြပြီး နောက်ထပ်အသတ်ခံရတဲ့ အမျိုးသားတစ်ဦးလည်း ရှိနေပေမဲ့ ရုပ်အလောင်းကို အခုထိ ရှာမတွေ့ကြသေးဘူးလို့လည်း ဆိုပါတယ်။
စစ်ကောင်စီသင်္ဘာတွေ မန္တလေးတိုင်းကနေ ဆန်တက်လာတဲ့အချိန်နဲ့ စုန်ဆင်းချိန်တိုင်းမှာ စစ်သင်္ဘာပေါ်ကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်လေ့ရှိတာကြေင့် ဒေသခံတွေ တိမ်းရှောင်နေရတာပါ။
“ဒီသင်္ဘာတက်တဲ့ ကာလအတွင်း မြစ်ဘယ်၊ ညာ နှစ်ဖက်လုံးတိမ်းရှောင်ဖို့ နီးစပ်ရာကနေ တစ်ဆင့် ကြေညာထားတယ်။ ကျွန်တော်တို့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် နေတဲ့သူတွေအားလုံး သတိထားနေနေရတယ်။ တကယ်လို့ မြို့ပေါ်ကို အမြောက်တွေ၊ လက်နက်ကြီးတွေကျလာရင် ကြောက်စရာကြီးပဲ။”လို့ဒေသခံက ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်က စစ်ကောင်စီရဲ့ ရေတပ်သင်္ဘာနှစ်စင်း၊ အမြောက်သင်္ဘာနှစ်စင်းနဲ့ လက်နက်ခဲယမ်းတွေ၊ စားနပ်ရိက္ခာတွေတင်ထားတဲ့ သင်္ဘာစုစုပေါင်း ၉ စင်းဟာ ကချင်ပြည်နယ်ဘက်ကို ဆန်တက်ခဲ့တာဖြစ်ပြီး သင်္ဘာတိုက်ခိုက်မခံရအောင် မြစ်လမ်းတစ်လျှောက်မှာ စစ်ကြောင်းထိုး ကင်းပုန်းချနေတာ ဖြစ်ပါတယ်။
ဓါတ်ပုံ- စစ်ကောင်စီမှ အင်းဒရန့်ကျေးရွာနဲ့ ပုလွေရွှေကျေးရွာ ဒေသခံများအား သတ်ဖြတ်ထားစဉ်။







