ဇူလိုင်၊၁၀
ကချင်ပြည်နယ်၊ ကန်ပိုက်တီမြို့နဲ့ ဆဒုံးမြို့ကြားမှာ မိုးရက်ဆက်ရွာသွန်းမှုကြောင့် တောင်တွေ၊ လမ်းတွေ ပြိုကျနေသလို ကန်ပိုက်တီမြို့အတွင်းမှာလည်း ရေဝင်နေလို့ သွားလာရခက်ခဲနေကြပါတယ်။
“ရေမြောင်းပိတ်သွားလို့လေ။ မိုးတအားရွာတော့ ရေမြန်မြန်ထွက်မသွားလို့ ရေနည်းနည်း ကြီးလာတာဟုတ်တယ်။ မြေပြိုနေလို့လည်း မြစ်ကြီးနားလည်း သွားလို့မရဘူး။” လို့ ကန်ပိုက်တီမြို့က ဒေသခံတစ်ယောက်က ပြောပါတယ်။
တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ န်ပိုင်တီနဲ့ ဆဒုံးမြို့ကြားမှာ တောင်လမ်းပြိုတာတွေ ဖြစ်နေတာကြောင့်လည်း ခရီးသည်တင် ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေသွားလာဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။
အဲဒီလိုဖြစ်ရတာဟာ ကျောက်နက်တူးဖော်ရေးလုပ်ကွက်က ပုံထားတဲ့ မြေဇာပုံတွေကြောင့် လမ်းပိုင်းပြိုကျလာတာဖြစ်တယ်လို့လည်း ဆဒုံးဒေသခံတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လမ်းပိုင်တွေကိုတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကစပြီး KIO/KIA ဘက်က တတ်နိုင်သလောက် ပြင်ဆင်မှုတွေ လုပ်နေကြပြီဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ မိုးဆက်တိုက်ရွာနေသလို တောင်တွေလည်းဆက်တိုက် ပြိုကျနေတာတွေကြောင့် အချိန်ကြန့်ကြာမှုတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူတွေဆီက ကြားသိရပါတယ်။
လတ်တလောမှာ ဖြတ်သန်းသွားလာနိုင်ဖို့အတွက် တချို့နေရာတွေမှာက ကွင်းလမ်းတစ်ခု ဖောက်လုပ်ပြီး ကားလေးတွေနဲ့ ဆိုင်ကယ်တွေသွားလာနေကြပေမဲ့ ကားကြီးတွေတော့ သွားလို့မရသေးဘူးလို့ ဆိုကြပါတယ်။
တချို့နေရာတွေမှာတော့ ကွင်းလမ်းနေရာမရှိတဲ့အတွက် ကားတွေ၊ ဆိုင်ကယ်တွေလည်း သွားလို့မရဘူးလို့ သိရပါတယ်။
ကန်ပိုက်တီ- ဝိုင်းမော်လမ်းပိုင်းဟာ နှစ်စဉ်တောင်လမ်းပြိုကျမှုတွေရှိပေမဲ့ ဒီနှစ်မှာတော့ အရင်နှစ်တွေထက် ဆိုးဆိုးဝါးဝါး ပြိုကျတာဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် ဝိုင်းမော်- ချီဖွေလမ်းပိုင်းက ရှငေါ်ကျေးရွာနားမှာလည်း မိုးကြီးနေတာကြောင့် လမ်းပြိုတာတွေဖြစ်နေတဲ့အတွက် ကားတွေသွားလာလို့ မရတော့ဘူးလို့လည်း သိရပါတယ်။
အဲဒီဒေသတွေကိုတော့ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ချီဖွေမြို့နယ်နဲ့ ပန်ဝါဒေသတစ်ခုလုံးကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။






