နွေအပူကို မတွန်းလှန်နိုင်သူတွေ

2

 

(ဆောင်းပါးအတို)

မာရီယာ-ရေးသားသည်။

ခြစ်ခြစ်တောက်ပူနေတဲ့ နွေနေ့လယ်အချိန်မှာ အပူဒဏ်သက်သာအောင် ကြံစည်ရတာ ဒီလိုအချိန်မှာ သိပ်တော့ မလွယ်ကူဘူး။

တစ်နှစ်လုံးမှာ နေ့အပူအချိန် အပြင်းထန်ဆုံးကာလဖြစ်နေတဲ့ ဧပြီ ၁၈ ကနေ မေ ၁ ရက်အထိလည်း မြစ်ကြီးနားနဲ့ မိုးညှင်းခရိုင်ကို ဘူဂါးလျှပ်စစ်ဓါတ်အားပေးလုပ်ငန်းကနေ လျှပ်စစ်မီးဖြတ်တောက်ထားသေးတယ်။

ချီဖွေရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို ပြုပြင်ထိန်းသိမ်းဖို့အတွက်လို့တော့ သူတို့ရဲ့ ထုတ်ပြန်စာမှာ ရေးထားတာပဲ။

ဘာကြောင့်ပဲ မီးပျက်ပျက် လျှပ်စစ်နဲ့လည်ပတ်ရတဲ့ စက်ပစ္စည်းတွေကတော့ အကုန်ရပ်တန့်ကုန်ပါတယ်။

ဘယ်လောက်အထိ ရပ်ကုန်လည်းဆိုရင် နေ့လယ်နေ့ခင်းအချိန်မှာ ပူအိုက်တဲ့ဒဏ် သက်သာလိုသက်သာငြား ရေခဲချောင်းတစ်ချောင်းလောက် ဝယ်စားရဖို့တောင် မြစ်ကြီးနားမြို့မှာ ခက်ခက်ခဲခဲဖြစ်နေရပြီ။

လျှပ်စစ်မရတဲ့အတွက် ရေခဲသေတ္တာတွေ မလည်ပတ်နိုင်၊ မလည်ပတ်နိုင်တော့ ရေမခဲနိုင်တော့ပါဘူး။ မီးစက်နဲ့ လည်ပတ်ရအောင်လည်း ကချင်ပြည်နယ်မှာ စက်သုံးဆီနဲ့ ဈေးနှုန်းက ကျောက်စိမ်းထက်တောင်ရှားပြီး တောင်ထက်မြင့်တက်နေတာ။

အခုက တစ်မြို့လုံး ရေခဲဝယ်လို့မရတော့ဘူး။ ရေခဲလည်း ပစ္စည်းပြတ်တဲ့ စာရင်းမှာပါသွားပြီ။လို့ ဒိန်ချဉ်ရောင်းတဲ့ အမျိုးသမီးတစ်ဦးက ပြောပြတယ်။

မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးနဲ့ လည်ပတ်နေရတဲ့ ရေခဲစက်ရုံတွေ ပုံမှန်မထုတ်နိုင်တော့လို့ ရေခဲဝယ်ရခက်တာ ရေခဲပြတ်လပ်တာတွေကြောင့် အသေးစား စားသောက်ကုန်လုပ်ငန်းအချို့ အခက်ကြုံနေရတယ်။

လျှပ်စစ်မီးပြတ်နေတဲ့အချိန် ဒိန်ချဉ်တွေကို ကြာရှည်ခံအောင် ရေခဲတွေနဲ့ ထိန်းထားရတာမို့ ‌ရေခဲစက်ရုံတွေ ပုံမှန်မထုတ်လုပ်တော့တဲ့အခါမှာ ဆိုင်တွေ ယာယီရပ်နားထားလိုက်ရတယ်။

ကြက်ကြော်ကြက်ကင် ရောင်းသူတစ်ဦးကတော့ လျှပ်စစ်မရလို့ ရေခဲသေတ္တာ ဖွင့်မရတာကြောင့် အရသာတွေနဲ့နယ်နှပ်ထားတဲ့ သူ့ရဲ့ ကြက်သားတွေကို ရေခဲပုံးထဲ ထည့်ထားရတယ်လို့ ပြောပြတယ်။ ရေခဲဝယ်လို့ မရတဲ့နေ့ ရောက်လာရင်တော့ သူ့အတွက် ဆုံးရှုံးမှုက မိသားစုဝင်ငွေတစ်ခုလုံးကိုပါ ထိခိုက်သွားနိုင်တာပါ။

အခုတော့ မြိုခံတွေဟာ ရေခဲတွေဝယ်ယူရတာ ခက်ခဲသွားလို ရှိတဲ့ရေခဲကို ပုံမှန်ဈေးနှုန်းထက် ပိုပေးပြီး ဝယ်ယူနေရပါပြီ။

စားသောက်ကုန်လုပ်ငန်းအများစုကတော့ လုပ်ငန်းလည်ပတ်နိုင်ဖို့ မီးစက်အသုံးပြုပြီး ကြိုးစားဖြေရှင်းနေကြပါတယ်။ ဒါပေမယ့် မီးစက်မောင်းဖို့အတွက် လိုအပ်တဲ့ စက်သုံးဆီရဲ့ ဈေးနှုန်းဟာ အမေရိကန်နဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာနဲ့ချီပြီး မြင့်တက်နေခဲ့ပါပြီ။

မြစ်ကြီးနားမြို့ဆိုရင် ဒီစစ်ပွဲမတိုင်ခင်ကတည်းက လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် အခြားမြို့နယ်တွေထက် စက်သုံးဆီဈေးနှုန်းက မြင့်ပါတယ်။

လျှပ်စစ်မီးမရှိတဲ့ မြစ်ကြီးနားမြို့လေးဟာ အထွေထွေအခက်အခဲပေါင်းစုံကို ရင်ဆိုင်နေပါတယ်။ ရေတင်ဖို့၊ ဖုန်းအားသွင်းဖို့၊ ဆိုင်ကယ်အားသွင်းဖို့ စတဲ့ အခြေခံအလုပ်တွေတောင် မြို့ခံတွေ အပြည့်အဝ မလုပ်နိုင်တော့ပါဘူး။

လက်ထဲ ငွေရှိရင်တောင် အပူကိုသက်သာစေဖို့ ရေခဲချောင်းတစ်ချောင်းတောင် မရနိုင်တဲ့ အခြေအနေမျိုး ကျမတို့ မြို့ခံတွေ ကြုံနေရပြီမလား။

 

LEAVE A REPLY

Please enter your comment!
Please enter your name here