နိုဝင်ဘာ၊၁၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာအတွင်း အခုနှစ်မှာတော့ စပါးတစ်တင်းကို ဈေးနှုန်းတစ်ဆလောက် လျော့ကျသွားတဲ့အပြင် အဝယ်မရှိတဲ့ အတွက်ကြောင့်ပါ စပါးတွေကို သိုလှောင်ထားရတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကြာခဏလမ်းပိတ်တဲ့ အခြေအနေတွေကြောင့် မိုးရာသီအဝင် ဇွန်လပိုင်းကနေစပြီး မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းဘက်နဲ့ တရုတ်ပြည်ဘက်က စပါးလာရောက်ဝယ်ယူသူတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဇန်နဝါရီလပိုင်းက ပြီးစီးထားတဲ့ စပါးတွေအပြင် အခုနှစ်အောက်တိုဘာလနဲ့ နိုဝင်ဘာလဆန်းပိုင်းက ပြီးစီးထားတဲ့ ကောက်စော စပါးအမျိုးအစားတွေ ဝယ်သူမရှိတာကြောင့် သိုလှောင်ထားရတယ်လို့ ဒေသခံနဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“ဝယ်သူမရှိတော့ တောင်သူတွေ ခက်ခဲနေကြတယ်။ အဲဒီလိုပဲ ထားထားရတာပေါ့။ စပါးဝယ်တဲ့ သူတွေလည်း မရှိတော့ ပိုက်ဆံမရှိဘူး အရမ်းခက်ကြတယ်။ ကျန်းမာရေးကအစ အစစအရာရာ အားလုံး ခက်လာတာပေါ့“လို့ ပြောပါတယ်။
အရင်နှစ်တွေက စပါးတစ်တင်းကို ကျပ်တစ်သောင်းကနေ ကျပ်တစ်သောင်းခွဲအထိ ဈေးရပေမဲ့ အခုနှစ်မှာတော့ တစ်တင်းကို ကျပ်ခုနှစ်ထောင်သာ ပေါက်ဈေးရှိနေတာ ဖြစ်တယ်လို့ သိရှိရပါတယ်။
အိမ်ခြေ ၆၀၀ ကျော်လောက်ရှိတဲ့ ဒွမ်ဘန်ကျေးရွာက ဒေသခံပြည်သူတွေဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုပဲ အဓိကထား လုပ်ကိုင်ကြပြီး စိုက်ပျိုးပြီးစီးထားတဲ့ စပါးတွေ ရောင်းထွက်နိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း၊ အစိုးရတွေကို လမ်းဖွင့်ပေးဖို့ တောင်းဆို နေကြပါတယ်။
မြစ်ကြီးနား-မန္တလေးလမ်းပိုင်းလည်း စစ်ရေးအခြေအနေတွေကြောင့် မကြာခဏဆိုသလို လမ်းပိတ်တာတွေ ရှိနေတဲ့အပြင် တရုတ်ပြည်နယ်စပ် လိုင်ဇာဂိတ်နဲ့ ကန်ပိုက်တီနယ်စပ်ဂိတ်တွေလည်း ပိတ်ထားတဲ့ အခြေအနေ ဖြစ်ပါတယ်။
အထက်ပါ ကျေးရွာမှာ လယ်ဧက သုံးထောင်ကျော်လောက်ရှိပြီး တစ်ဧကကို စပါး ၁၀ တင်းကနေ အများဆုံး တင်း ၃၀ အထိ ထွက်ရှိတာလို့ ဆိုပါတယ်။
ဒါ့အပြင် စပါးစတင်စိုက်ပျိုးဖို့ ပြင်ဆင်ချိန်ကနေ စပါးရိတ်ခြွေအဆင့်အထိ အပြီးအစီး လယ်တစ်ဧကကို ကျပ်ငါးသိန်းလောက် ကုန်ကျခဲ့တယ်လို့လည်း သိရှိရပါတယ်။
ဒွမ်ဘန်ကျေးရွာမှာသာမက လီဒိုလမ်းတစ်လျှောက်က တောင်သူတွေဟာ စပါးအဝယ်မရှိတဲ့ ပြဿနာနဲ့ ကြုံနေရတယ်လို့ ကြားသိရကြောင်း အထက်ပါ ဒေသခံနဲ့ နီးစပ်သူတွေက ပြောပါတယ်။







