မြစ်ကြီးနားမြို့တွင် ကျောက်ကပ်နှင့် ဆိုင်သည့် ဆေးဝါးပစ္စည်းများ ဝယ်ယူရရှိရန် ခက်ခဲခြင်းကြောင့် ကျောက်ကပ် ဝေဒနာရှင်များ အခက်ကြုံ

302
မြစ်ကြီးနားမြို့တွင် ကျောက်ကပ်နှင့် ဆိုင်သည့် ဆေးဝါးပစ္စည်းများ ဝယ်ယူရရှိရန် ခက်ခဲခြင်းကြောင့် ကျောက်ကပ် ဝေဒနာရှင်များ အခက်ကြုံ

ဩဂုတ်၊၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ နာတာရှည် ကျောက်ကပ်ရောဂါနဲ့ သက်ဆိုင်တဲ့ ဆေးဝါးပစ္စည်းတွေ ပြတ်လပ်ပြီး ဝယ်ယူရရှိဖို့ ခက်ခဲနေတာကြောင့် ကျောက်ကပ်ဝေဒနာရှင်တွေ အခက်အခဲကြုံတွေ့နေရပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့ပေါ်က ဆေးဆိုင်တွေမှာ ကျောက်ကပ် ဝေဒနာရှင်တွေအတွက် အရေးကြီးဆေးဝါးဖြစ်တဲ့ Foseal ဖော့စဖိတ်ချပေးတဲ့ဆေး၊ Nocid ကျောက်ကပ်ဆေး နဲ့ Nephrisol-D ကျောက်ကပ်ဆေးလူနာတွေ သောက်ရတဲ့ အာဟာရနို့မုန့်တွေကို ဝယ်ယူလို့မရတာဟာ တစ်လလောက် ရှိလာပြီဖြစ်တယ်လို့ ဝိုင်းမော်မြို့နယ်က ကျောက်ကပ်ဆေး ကုသခံယူနေသူတစ်ဦး မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“အခု ဆေးတွေက လုံးဝမဝင်တော့ဘူး။ Nocid တို့ Nephrisol – D တို့က ကျောက်ကပ်လူနာတွေအတွက် ပိုပြီးမှအသုံးဝင်တာတွေ ဒီမြစ်ကြီးနားမှာ လုံးဝ မရဘူး။ ရန်ကုန်ကတဆင့် မှာသောက်ရတာ။ ရန်ကုန်မှာတောင်မှ တချို့က မရဘူး။ ကြိုပြောပြီးမှ မှာရတယ်။ ကိုယ်သောက်နေကျဆေးတွေ ပြတ်သွားတော့ အရမ်းပဲခက်ခဲတာပေါ့။” လို့ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ ဆေးဝါးတွေ မရရှိတာကြောင့် ရန်ကုန်လိုမြို့ကြီးတွေကတဆင့် မှာယူအသုံးပြုနေရပြီး ရန်ကုန်မြို့မှာလည်း ဆေးဝါးပြတ်လပ်မှုတွေ ရှိနေတဲ့အတွက် ကြိုတင်မှာယူရသလို အကန့်အသတ်နဲ့သာ ရရှိတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းကာလနောက်ပိုင်း ကျောက်ကပ်သမားတွေ အသုံးပြု မှီဝဲနေရတဲ့ ဆေးစ္စည်းတွေဟာ နှစ်ဆနီးပါး ဈေးမြင့်တက်သွားတဲ့အပြင် ပြတ်လပ်မှုတွေပါ ရှိနေတာကြောင့် အာနိသင်တူတဲ့ အခြားတံဆိပ်တွေကို အစားထိုး အသုံးပြုနေရတယ်လို့ ဆက်လက်ပြောပါတယ်။

” သွေးအားကျရင် ထိုးတဲ့ သွေးအားတိုးဆေးတွေက ဝယ်ရတာခက်တယ်။ပစ္စည်း ပြတ်တာ မရှိတာများတယ်။ ပစ္စည်းပြတ်ရင် နောက်တစ်မျိုး တံဆိပ်မတူတာတွေ ထိုးရတာ။ အရင်က တစ်သောင်းရှစ်ထောင်ဆို အခုက နှစ်သောင်းငါးထောင် လောက်ပေးရတယ်။ မရှိတာထက်စာရင်တော့ ရတာထိုးရတာပေါ့။“လို့ အခက်အခဲကို ရှင်းပြပါတယ်။

ဆေးပစ္စည်း ဈေးမြင့်တက်တာနဲ့ ဝယ်ယူရရှိဖို့ ခက်ခဲတာအပြင် လက်ရှိ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနဲ့ ဝယ်ယူဖို့ ခက်ခဲတာတွေကြောင့် ကျောက်ကပ်ဝေဒနာရှင်တွေ ဆေးခန်းပြ သွားရောက်သန့်စင်ရာမှာလည်း အခက်အခဲများစွာ ကြုံတွေ့နေတယ်လို့ ဆိုပါတယ်။

ကျောက်ကပ်သန့်စင်ဖို့အတွက် မြစ်ကြီးနားမြို့ကို တစ်လ ကိုးကြိမ်လောက်သွားနေရတဲ့ အောင်မြင်သာစံပြကျေးရွာက ကျောက်ကပ်ဆေးကုသမှု ခံယူနေသူ ဒေါ်ခေါန်ဂျာကလည်းဆေးဖိုး ဝါးခတွေအပြင် စက်သုံးဆီကိစ္စရပ်ကြောင့်လည်း ဆေးခန်းသွားဖို့ အခက်ကြုံနေတယ်လို့ ပြောပါတယ်။

” ဆေးသောက်၊ ကျောက်ကပ်ဆေးပြီး အသက်ရှင်ရတာက ငွေကြေးတွေ ခက်ခဲတယ်လေနော်။ စားဖို့ သောက်ဖို့လည်း ပူရ ဆေးဝါးအတွက်လည်း စိုးရိမ်ရ ဆိုတော့ တော်တော်လေးခက်ခဲတယ်။ ဆီဈေးကြောင့်လည်း ခက်တယ်။ ကိုယ်က ကားရှိလည်း ဆီက ရောင်းတဲ့သူမရှိဘူး ဝယ်ဖို့လည်း ဈေးကြီးတာကြောင့် လိုင်းကားနဲ့ပဲ သွားနေရတယ်။”လို့ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ လက်ရှိအချိန် ကျောက်ကပ်တစ်ကြိမ် ဆေးကြောမယ်ဆိုရင် ကျပ် ၅၅၀၀၀  ဝန်းကျင်အထိ ကုန်ကျနေပြီး ကျောက်ကပ်ဆေးနေရတဲ့ ဝေဒနာရှင်တွေ အနေနဲ့ တစ်ပတ်ကို နှစ်ကြိမ်လောက် ဆေးကြောသန့်စင် နေရတာပါ။

ကချင်ပြည်နယ်အတွင်းမှာ ကျောက်ကပ်အထူးကု ဆရာဝန်မရှိတဲ့အတွက် ကျောက်ကပ်သမားတွေဟာ မြို့ကြီးပြကြီးက အထူးကုတွေနဲ့ အွန်လိုင်းက ချိတ်ဆက်ပြီး ဆေးခန်းပြနေရတာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here