စက်တင်ဘာ၊၅
ဖားကန့်မြို့နယ်၊ နောင်းမီကျေးရွာ အနောက်ဘက် မိုးကောင်းချောင်း အနီးတစ်ဝိုက်မှာ ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက ရွှေဝင်ရောက်တူးဖော်သူတွေ ပိုများလာနေတယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလကနေ အမည်မသိ သူတွေကနေ စတင်ဝင်ရောက်တူးဖော် လုပ်ကိုင်လာကြပြီးနောက် ဗန်းမော်၊ မိုးညှင်း၊ ရွှေဘို၊ နမ္မတီး စတဲ့မြို့ဘက်ကလူတွေပါ ဝင်ရောက်တူးဖော်နေပြီး ရွှေဆိုင်း ၄၀ ကျော်လောက်ကနေ လက်ရှိ ရွှေဆိုင်း ၇၀ ထက်မနည်း ရှိနေပြီဖြစ်တဲ့အပြင် လူဦးရေ ၁၀၀ လောက် ဝင်ရောက်နေပြီလို့ နောင်းမီကျေးရွာဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
“အခုပိုများလာတယ်။ မျှောစင်လုပ်ဖို့ ဝါးတွေပါသယ်လာတာ။ အောက်ပိုင်းက လူတွေရောဟုတ်တယ်။ ရေကြီးလာရင် လယ်ထဲရောက်လာနိုင်တယ်။”လို့ ဒေသခံ ပြောပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလနဲ့ မေလအတွင်းက ရွှေတူးဖော်မှုရပ်နားပေးဖို့ ဒေသခံတွေအနေနဲ့ နှစ်ကြိမ်တိုင် သွားရောက်ပြောဆိုမှု ရှိခဲ့ပေမဲ့ လက်ရှိအချိန်အထိ ရပ်နားသွားတာ မရှိတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ စာတင်သွင်းဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အထက်ပါ ဒေသခံကဆိုပါတယ်။
ရွှေတူးဖော်နေတဲ့ နေရာအနီးတစ်ဝိုက်မှာ ဒေသခံပြည်သူတွေရဲ့ လယ်ယာ၊ အခင်းတွေ ရှိပြီး စိုက်ပျိုးရေးအတွက် အဲဒီချောင်းကိုပဲ အဓိက မှီခိုအားထား နေရတဲ့အတွက် လယ်ယာ၊ စိုက်ခင်းထိခိုက် ပျက်စီးမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
“ရေလမ်းကြောင်းပျက်စီးပြီး ရေလမ်းကြောင်းလွဲလာရင် လယ်တွေထဲ ရောက်လာရင် ဧကထောင်ဂဏန်း ပျက်စီးလာမယ်။ အဲဒါကြောင့် ဒေသခံတွေအနေနဲ့ လုံးဝမလိုလားဘူး။”လို့ နောက်ထပ် နောင်းမီဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
ရွှေတူးဖော်တာ မရပ်တန့်ဘူးဆိုရင် ရေလမ်းကြောင်းပိတ်ဆို့ပြီး ဒေသခံပြည်သူတွေရဲ့ လယ်ဧက ၃၀၀ လောက် ရေနစ်မြုပ်ပျက်စီးလာနိုင်တဲ့အပြင် ရွာနဲ့ ၈ မိုင်လောက်ဝေးတဲ့ မန်ပန်ကျေးရွာဘက်က လယ်တွေအထိပါ ရောက်လာနိုင်တယ်လို့လည်း သိရပါတယ်။
လက်ရှိ ရွှေတူးဖော်မှုကြောင့် စားကျက်မြေနဲ့ လယ်ယာ၊ အခင်းတွေ ဧက ၁၀၀ လောက် ပျက်စီးဆုံးရှုံးသွားပြီလို့သိရပြီး ရွှေတူးဖော်သူတွေ ရပ်နားအောင် သက်ဆိုင်ရာကနေတာဝန်ယူ ဖြေရှင်းပေးစေလိုတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
အခုရွှေတူးနေတဲ့ မိုးကောင်းချောင်းနေရာဟာ နောင်းမီကျေးရွာ ဧရိယာအတွင်းမှာ ပါဝင်ပြီး ရွာနဲ့ တစ်မိုင်ကျော်လောက်သာ ဝေးတယ်လို့လည်း သိရပါတယ်။
ဒေသခံရဲ့ ပြောပြချက်အရ နောင်းမီကျေးရွာအုပ်စုမှာ အိမ်ခြေ ၉၀၀ လောက်ရှိပြီး လူဦးရေ လေးထောင်နီးပါး နေထိုင်တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။