စက်တင်ဘာ၊၅
ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းလမ်းပေါ်က တိန်ကောက်ကျေးရွာနဲ့ နမ်ဖြတ်ရွာက စစ်ကောင်စီတပ်စခန်းဂိတ်ကနေ စက်သုံးဆီအပြင် ကုန်ပစ္စည်းတွေကိုပါ တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဧပြီလကနေစပြီး နမ်ဖြတ်ရွာ ရာဘာခြံက စစ်ကောင်စီတပ်စခန်းရှေ့မှာ ခရီးသွားကားတွေကို တားဆီးစစ်ဆေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ခန့်မှန်းခြေ စစ်သားအင်အား ၂၀၀ လောက်ရှိတဲ့ အဲဒီတပ်စခန်းမှာ ခရီးသွားကားတွေ၊ ကုန်တင်ယာဉ်တွေကို စက်သုံးဆီနဲ့ဆန် တင်ဆောင်လာတာ ရှိမရှိ တားဆီးစစ်ဆေးတဲ့အပြင် မသင်္ကာတဲ့ လမ်းသွားလမ်းလာပြည်သူတွေကိုပါ မှတ်ပုံတင်စစ်ဆေးတာတွေ ပိုမိုတင်းကြပ်နေတာဖြစ်တယ်လို့ တနိုင်းဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။
“အခုဇွန်လလောက်ကနေ ပိုစစ်လာ။ စက်သုံးဆီ၊ ဆန်တွေ ကုန်တွေ စစ်တယ်။ မသင်္ကာတဲ့ သူတွေကို မှတ်ပုံတင်တွေစစ်တယ်။” လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် နမ်ဖြတ်ရွာ မရောက်ခင် လေးမိုင်အကွာ တိန်ကောက်ကျေးရွာက စစ်ကောင်စီတပ်စခန်းတစ်ခုမှာလည်း ကုန်ပစ္စည်းတွေကို သံတွေနဲ့ ထိုးပြီး တားဆီးစစ်ဆေးတာတွေ အခုရက်ပိုင်း သိသိသာသာ လုပ်ဆောင်နေတယ်လို့လည်း ကြားသိရပါတယ်။
မြစ်ကြီးနား-တနိုင်းလမ်းပေါ်မှာ ၂၁ မိုင်ဂိတ်၊ မရန်ကထောင်၊ ရှဒူးဇွပ်၊ တိန်ကောက်၊ နမ်ဖြတ်၊ အောင်စိုးမိုးရွာဂိတ်(ဒေသအခေါ် ၅ မိုင်ဂိတ်)အစရှိတဲ့ စစ်ကောင်စီဂိတ်စခန်းတွေရှိပြီး အဲဒီဂိတ်တွေကနေ ကုန်ပစ္စည်းတွေကို တားဆီးစစ်ဆေးနေကြတယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။