လီဒိုလမ်းပြန်ပြင်ဖို့လုပ်နေတဲ့ အိန္ဒိယက ဦးမင်းအောင်လှိုင်နဲ့ မြေရှားအကြောင်းဆွေးနွေးခဲ့

2

 

ဇွန်၊ ၂

မြန်မာက ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် မြေရှားသတ္တု အကြောင်းဆွေးနွေးခဲ့တယ်လို့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

နာရင်ဒရာမိုဒီနဲ့ ဦးမင်းအောင်လှိုင်တို့ဟာ မနေ့က ဇွန်လ ၁ ရက်နေ့တုန်းက နယူးဒေလီမြို့မှာ တွေ့ဆုံခဲ့ကြပြီး မြေရှားကိစ္စအကြောင်းလည်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗီကရမ် မစ်ဆရီကလည်း နှစ်နိုင်ငံတွေ့ဆုံပွဲအကြောင်း လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြေရှားဒြပ်စင်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သလို ဒါဟာ နှစ်နိုင်ငံကြား ကာလအတော်ကြာ ဆွေးနွေးနေခဲ့တဲ့ အကြောင်းအရာဖြစ်တယ်လို့ ပြောပါတယ်။

“ဒီနေ့မှာလည်း အစိုးရနှစ်ရပ်နဲ့ နှစ်နိုင်ငံက အဖွဲ့အစည်းတွေအနေနဲ့ ဒီကိစ္စရပ်တွေမှာ ဆက်လက်ထိတွေ့သွားဖို့နဲ့ ဒီကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုကို ရှေ့ဆက်တွန်းအားပေးသွားဖို့ နားလည်မှု ရရှိခဲ့ပါတယ်။” လို့ ဗီကရမ် မစ်ဆရီက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဘက်ကထုတ်ပြန်ချက်တွေမှာတော့ အဲဒီလို မြေရှားသတ္တုအကြောင်း ဆွေးနွေးခဲ့တာကို မဖော်ပြထားပါဘူး။

ပြီးခဲ့တဲ့ နှစ်ထဲမှာတော့ အိန္ဒိယဟာ ကချင်ပြည်နယ်ကထွက်တဲ့ မြေရှားသတ္တုနမူနာတချို့ကို နိုင်ငံထဲယူပြီးစမ်းသပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကိုလည်း သတင်းဌာနတော်တော်များများက ရေးသားခဲ့ကြပါတယ်။

ဒါ့အပြင် အိန္ဒိယနဲ့ ကချင်ပြည်နယ်ကို ဆက်သွယ်ထားပြီး ဒုတိယကမ္ဘာစစ်တုန်းက ဖောက်ခဲ့တဲ့ လီဒိုလမ်းမကြီးကိုလည်း ပြန်ပြင်မယ်ဆိုတဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်နှစ်ကုန်ပိုင်းတုန်းကတော့ အမေရိကန်အခြေစိုက် Silicon Valley Times သတင်းဌာနက အိန္ဒိယနဲ့ KIA ဟာ မြေရှားသတ္တုတူးဖော်ရေးအတွက် သဘောတူညီမှုရထားတယ်ဆိုပြီးရေးသားခဲ့ပေမဲ့KIA ဘက်ကတော့ အဲဒီကိစ္စကိုငြင်းဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေရှားတင်ပို့မှု တတိယအများဆုံး နိုင်ငံနေရာမှာရှိနေပြီး မြန်မာနိုင်ငံက မြေရှား အများဆုံးထွက်တဲ့နေရာတွေကတော့ ကချင်ပြည်နယ်က ပန်ဝါ၊ ချီဖွေနဲ့ မိုးမောက်ဒေသတို့ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မြေရှားကို လျှပ်စစ်ပစ္စည်းတွေထုတ်လုပ်ချိန် မရှိမဖြစ်လိုအပ်နေတာကြောင့် မြန်မာနိုင်ငံက မြေရှားထွက်တဲ့ဒေသတွေဟာ တရုတ်အတွက်သာမက အိန္ဒိယအတွက်ပါ အရေးပါတဲ့နေရာတွေ ဖြစ်နေတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here