“ကချင်တို့၏ လမ်းပြကြယ် Dr. Ola Hanson နှင့် ကမ္ဘာသို့တံခါးဖွင့်ခြင်း”

3

 

ရေးသူ – ခါကာဘို

“မင်း အဲဒီတောင်တန်းဒေသက လူရိုင်းတွေဆီသွားပြီး စာသင်မလို့လား။ မင်းရဲ့ ဘဝတစ်ခုလုံးကို အလဟဿ အဖြုန်းတီး မခံပါနဲ့”

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ ကျော်က ကချင်တောင်တန်းတွေဆီ သွားရောက်သာသနာပြုဖို့ စိတ်အားထက်သန်စွာ ခြေလှမ်းပြင်နေတဲ့ ဆွီဒင်-အမေရိကန် လူငယ်တစ်ဦးကို စိတ်ပျက်အားလျော့သွားအောင် ပြောကြတဲ့စကား ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလူမျိုးစုတွေဟာ ယနေ့ခေတ်မှာတော့ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေနိုင်ရုံတင်မက လူမျိုးစုပိုင် ကျောင်းတွေ၊ ကိုယ်ပိုင် တက္ကသိုလ်‌တွေနဲ့ နိုင်ငံမှာ စာတတ်မြောက်မှုနှုန်းအမြင့်ဆုံး တိုင်းရင်းသားလူမျိုးစုတွေထဲက တစ်စု ဖြစ်နေပါပြီ။

ဒီအံ့ဖွယ်ပြောင်းလဲမှုကြီးရဲ့ နောက်ကွယ်မှာ အုတ်မြစ်ချပေးခဲ့သူ၊ အဓိကမောင်းနှင်အားဖြစ်ခဲ့သူတစ်ဦး ရှိခဲ့ပါတယ်။

သူကတော့ ကချင်လူမျိုးတွေဟာ ဥာဏ်ရည်ထက်မြက်ပြီး သင်ယူနိုင်စွမ်းမြင့်မားတဲ့ လူမျိုးတမျိုးဖြစ်ကြောင်း ကမ္ဘာကို သက်သေပြခဲ့တဲ့ ကချင်စာပေနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖခင်အဖြစ် ဂုဏ်ပြုခံရသူ ဆရာကြီး ဒေါက်တာအိုလာဟန်ဆန် (Dr. Ola Hanson) ဆိုတဲ့ တချိန်က ဆွီဒင်-အမေရိကန် သာသနာပြု လူငယ်ပင် ဖြစ်ပါတယ်။

ယနေ့ မြန်မာနိုင်ငံမြောက်ဖျားက အင်အားကြီး လူမျိုးစုကြီးအဖြစ် ရပ်တည်နေတဲ့ ကချင်မျိုးနွယ်စုတွေရဲ့ သမိုင်းကို ပြန်လည်ခြေရာခံကြည့်လိုက်ရင် တိဘက် – တရုတ်နယ်စပ်၊ ယူနန်ကုန်းမြင့်ဒေသမှ ကချင်ဘိုးဘေးတွေ ညွှန်းဆိုခဲ့တဲ့ မူလဇာတိ “မဂျွယ်ရှင်ဂရာဘွမ်” (Majoi Shingra Bum) သို့မဟုတ် “မဂျွယ်ယန်” (Majoi Yang) ဆိုတဲ့ တောင်တန်းဒေသတွေဆီကို ရောက်ရှိသွားပါတယ်။

သမိုင်းမှတ်တမ်းတွေအရ ၁၆ ရာစုကနေ ၁၉ ရာစုအတွင်း ဒီမျိုးနွယ်စုတွေဟာ ရေကြည်ရာမြက်နုရာ တောင်ဘက်သို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာကြရင်း မေခနဲ့မလိခ မြစ်ဝှမ်းဒေသ၊ ဟူးကောင်းချိုင့်ဝှမ်းနဲ့ ဧရာဝတီမြစ်ဖျားပိုင်းဒေသတွေမှာ အခြေချနေထိုင်လာကြပြီး ဂျိန်းဖော၊ ရဝမ်၊ လီဆူ၊ ဇိုင်ဝါး (အဇီး)၊ လာချိဒ်နဲ့ လော်ဝေါ် (မရူ) စတဲ့ ညီနောင်တိုင်းရင်းသားတွေပါဝင်တဲ့ ဒီဒေသရဲ့ အင်အားကြီး ကချင်လူမျိုးစုကြီးအဖြစ် ပေါ်ထွန်းလာခဲ့ပါတယ်။

ယနေ့ မြို့တော်’မြစ်ကြီးနား’ ဟာလည်း မူလက ဧရာဝတီမြစ်ဘေးက ရွာငယ်လေးတစ်ရွာ ဘဝကနေ စခဲ့တာဖြစ်ပါတယ်။ ပတ်ဝန်းကျင်က တောတောင်တွေထူထပ်ပြီး သွားလာရေး အင်မတန်ခက်ခဲတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

၁၉ ရာစု နှောင်းပိုင်းမှာတော့ နောင်ကချင်တို့ရဲ့ သမိုင်းမှာ ပြောင်းလဲမှုကြီးကို ဖြစ်စေမယ့် အမေရိကန်နိုင်ငံက လူငယ်လေး အိုလာဟန်ဆန်ဟာ ဘာသာရေးနဲ့ သာသနာပြုပညာရပ်တွေကို သင်ယူပြီး ခရစ်ယာန်သာသနာပြုဆရာတ‌ယောက်ဖြစ်လာခဲ့ပြီးတော့ အဲဒီနှစ် ၁၈၉၀ အတွင်းမှာပဲ အမေရိကန်နှစ်ချင်းသာသနာပြုအဖွဲ့ (ABM) ရဲ့ တာဝန်ပေးချက်အရ ဇနီးဖြစ်သူ Minnie Hanson နဲ့အတူ မြန်မာနိုင်ငံကို သမိုင်းဝင် သာသနာပြုခရီးရှည်ကြီး စတင်ထွက်ခွါလာခဲ့ကြပါတယ်။

သူတို့ဇနီးမောင်နှံဟာ သင်္ဘောနဲ့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး မြေထဲပင်လယ် – စူးအက်တူးမြောင်း – အိန္ဒိယက တဆင့်မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။

ရန်ကုန်ကတဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း မြောက်ဘက်သို့ မီးသင်္ဘောဖြင့် ရက်ပေါင်းများစွာ ဆန်တက်ခဲ့ရပြီး နောက်ဆုံးမှာတော့ ကချင်ဒေသရဲ့ အချက်အချာကျတဲ့ ဗန်းမော်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

အဲဒီခေတ်က ဗန်းမော်ဟာ မြစ်ကြီးနားထက် ပိုမိုစည်ကားပြီး တရုတ်နိုင်ငံ ယူနန်ဒေသနဲ့ ကုန်သွယ်ရာ အဓိကဂိတ်ဝမြို့ကြီး ဖြစ်ပါတယ်။

ဟန်ဆန်ဟာ ဗန်းမော်မှာ ရှေ့ဆောင်သာသနာပြု ဆရာ ဝီလျံဟင်နရီရောဘတ်စ် (William Henry Roberts)နဲ့ လက်တွဲပြီး လုပ်ငန်းတွေ စတင်ခဲ့ပါတယ်။

ဆရာဟန်ဆန် ရောက်ရှိလာချိန်မှာ ကချင်ဘာသာစကားဟာ စကားအဖြစ်သာရှိသေးပြီး စာအက္ခရာစနစ် မရှိသေးဘဲ နှုတ်ဖြင့်သာ ပုံပြင်၊ ကဗျာတို့ကို လက်ဆင့်ကမ်း ထိန်းသိမ်းနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

သူရဲ့ လေ့လာ တွေ့ရှိချက်တွေအရ ထိုအချိန် ကချင်မှာ မျိုးနွယ်စုခွဲတွေ ရှိပေမဲ့ ဂျိန်းဖော စကားကိုသာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။ ဒါကြောင့် ဂျိန်းဖောကို အခြေခံလိုက်ရင် လူအများစုဆီ ရောက်နိုင်မယ်လို့ သူမြင်ခဲ့ပါတယ်။

ဘာသာစကားတစ်ခုကို စာပေအဖြစ် ဖော်ထုတ်မယ်ဆိုရင် အသုံးပြုသူ အများဆုံး ဘာသာကို ရွေးချယ်တာက ပိုလက်တွေ့ကျတာမို့ ဂျိန်းဖောကိုအခြေခံပြီး အကျယ်ပြန့်ဆုံး အသုံးပြုနိုင်မယ့် ကချင်လူမျိုးစုအတွက် စာပေအက္ခရာကို ဖော်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စာပေမရှိသေးတဲ့ လူမျိုးတစ်စုအတွက် စာပေအက္ခရာ တီထွင်ပေးဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဆရာကြီးဟာ ကချင်လူမျိုးတွေ စကားပြောတဲ့အခါ လျှာ၊ သွားနဲ့ နှုတ်ခမ်းတွေကို ဘယ်လို လှုပ်ရှားသလဲဆိုတာ သိရအောင် သူတို့ရဲ့ လျှာနဲ့ ခံတွင်းထဲအထိ သေချာစူးစမ်းပြီး အသံထွက်ဗေဒ (Phonetics) ကို လေ့လာခဲ့ပါတယ်။

တစ်ရွာပြီးတစ်ရွာ သွားရောက်ကာ ဒေသခံလူကြီးတွေ ပြောဆိုကြတဲ့ စကားလုံးတွေကိုလည်း ဂရုတစိုက် မှတ်စုရေးသားခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ဒဏ္ဍာရီပုံပြင်တွေ၊ ရိုးရာယုံကြည်မှုတွေ၊ သီချင်းတွေ၊ ထုံးတမ်းအစဉ်အလာတွေကိုလည်း အချိန်ယူပြီး အပင်ပန်းခံ စုဆောင်းမှတ်တမ်းတင်ခဲ့ပါတယ်။

တစ်ခါတစ်ရံ ရွာတစ်ရွာရောက်ဖို့ ရက်ပေါင်းများစွာ ခြေလျင်လျှောက်ရပြီး၊ မိုးရာသီမှာ မြစ်ချောင်းတွေ ဖြတ်ကျော်ရတာကြောင့် အသက်အန္တရာယ်ပါ ကြုံခဲ့ရတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

သာသနာပြုလုပ်ငန်းဟာ ဘာသာရေးတစ်ခုတည်း မဟုတ်ဘဲ ပညာရေးနဲ့ တွဲဖက်ရမယ်လို့ ယုံကြည်ထားတဲ့ ဟန်ဆန်ဟာ ဘယ်လိုအခက်အခဲမျိုးတွေ့တွေ့ နောက်မဆုတ်ခဲ့ပါဘူး။

နောက်ဆုံးမှာတော့ အသံနိမ့်အမြင့် အရောင်အသွေးစုံလင်လှတဲ့ ဂျင်းဖော့ (Jinghpaw) စကားလုံးတွေကို ရောမအက္ခရာ (Latin alphabet) နဲ့ အစားထိုးပြီး ကချင်အက္ခရာပုံစံကို စနစ်တကျ စတင်ပုံဖော်ပေးနိုင်ခဲ့ပါတယ်။

သူ့ရဲ့ မနားမနေ ကြိုးစားမှုကြောင့် စကားလုံးပေါင်း ၂၅,၀၀၀ ကျော်ကို စုဆောင်းနိုင်ခဲ့ပြီး ဝေါဟာရပေါင်း ၁၁,၀၀၀ ပါဝင်တဲ့ “ကချင်-အင်္ဂလိပ် အဘိဓာန်” (Kachin-English Dictionary) ကို ပြုစုထုတ်ဝေနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ကချင်သဒ္ဒါကျမ်း (A Grammar of the Kachin Language) နဲ့ ကျောင်းသုံးဖတ်စာအုပ်တွေကိုပါ ထုတ်ဝေပေးခဲ့ပါတယ်။

အင်္ဂလိပ်နဲ့ ဆွီဒင်ဓမ္မသီချင်းပေါင်း ၄၀၀ ကျော်ကို ဘာသာပြန်ပေးခဲ့တဲ့အပြင်၊ ကချင်ရိုးရာ ယဉ်ကျေးမှုနဲ့ ကိုက်ညီမယ့် ဓမ္မသီချင်း ၂၀၀ ကျော်ကိုလည်း ကိုယ်တိုင် ရေးစပ်ပေးခဲ့ပါတယ်။

သူ့ရဲ့ အကြီးမားဆုံး အောင်မြင်မှုတွေထဲက တခုကတော့ ၁၉၂၆ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့မှာ ဓမ္မဟောင်းနဲ့ ဓမ္မသစ်ပါဝင်တဲ့ ကချင်ကျမ်းစာ (Bible) တစ်အုပ်လုံးကို ကချင်ဘာသာနဲ့ ပြန်ဆို ပြီးစီးခဲ့ခြင်း ဖြစ်ပါတယ်။

အံ့ဩစရာကောင်းတာက ကမ္ဘာ့သတင်းစာလုပ်ငန်းတွေရဲ့ Revolution တခုဖြစ်တဲ့ လိုင်နိုတိုက် (Linotype) စာစီစက်ဟာ အိန္ဒိယနဲ့ မြန်မာပြည်ကို ပထမဆုံး ရောက်ရှိလာပြီး ကချင်စာလုံးတွေနဲ့ အထူးတပ်ဆင်ထားတဲ့ စက်ဖြစ်နေခြင်းပါ။ ဒါဟာ ဆရာ Ola Hanson ရဲ့ အမြော်အမြင်ကြီးမှုနဲ့ ဘယ်လောက်စေတနာထားတယ်ဆိုတာကို ပြသတဲ့သက်သေပါပဲ။

မြန်မာစာလုံးပါတဲ့ လိုင်နိုတိုက်တွေတောင် ၂၀ ရာစုအစပိုင်း/အလယ်ပိုင်း (1920s–1950s ဝန်းကျင်) မှာမှ စတင်ပေါ်ပေါက်လာတာမို့ အဲဒီအချိန် မြန်မာစာပုံနှိပ်စက်များဟာ စာတလုံးချင်း နှေးကွေးစွာစီတဲ့ movable type system ကိုသာ သုံးနေရချိန်ဖြစ်ပါတယ်။

ဆရာကြီးဟန်ဆန်ဟာ သာသနာပြုလုပ်ငန်းတွေကို ဗန်းမော်မြို့မှာ ရှေ့ဆောင်သာသနာပြု ဆရာကြီး ဝီလျံဟင်နရီ ရောဘတ်စ် (William Henry Roberts)နဲ့ လက်တွဲလုပ်ဆောင်ခဲ့သလို၊ ၁၈၉၂ ခုနှစ်မှာ မြစ်ကြီးနားဒေသ၌ ပထမဆုံး သာသနာပြုစခန်းကို စတင်တည်ထောင်ခဲ့တဲ့ ဆရာဂျော့ဂျ်ဂျေဂိုက်စ် (Rev. George J. Geis) ရဲ့ လုပ်ငန်းစဉ်တွေကိုလည်း စာပေအင်အားနဲ့ ကျောထောက်နောက်ခံ ပေးခဲ့ပါတယ်။

ထိုစဉ်က အင်္ဂလိပ်အစိုးရဟာ မြစ်ကြီးနားမြို့ကို ကချင်ခရိုင်ရဲ့ ရုံးစိုက်ရာမြို့အဖြစ်လည်းကောင်း၊ မြန်မာ့မီးရထားလမ်း၏ မြောက်ဘက်စွန်း အဆုံးသတ်ဘူတာကြီးအဖြစ်လည်းကောင်း သတ်မှတ်ဖို့ စီမံကိန်းချရုံသာ ရှိပါသေးတယ်။

၁၈၉၈ ခုနှစ် “စစ်ကိုင်း – မြစ်ကြီးနား မီးရထားလမ်း” ပွင့်သွားတဲ့အခါမှာတော့ အောက်မြန်မာပြည်နဲ့ ကုန်စည်ကူးသန်းမှု မြန်ဆန်လာပြီး၊ မြစ်ကြီးနားဟာ တရုတ်နိုင်ငံ (ယူနန်ပြည်နယ်) နဲ့ ကုန်သွယ်ရာ လမ်းကြောင်းပေါ်က အချက်အချာကျတဲ့ စီးပွားရေးဗဟိုဌာန၊ အုပ်ချုပ်ရေးရုံးစိုက်ရာ မြို့ပြအဖြစ် စတင်အခြေစိုက်လာခဲ့ပါတယ်။

ဒါပေမဲ့ မြို့တစ်မြို့ကို အဆောက်အဦ၊ လမ်းတံတား၊ ရထားလမ်းတွေနဲ့သာ တည်ဆောက်ထားရုံနဲ့ မပြည့်စုံပါဘူး။ မြို့တစ်မြို့ရဲ့ စစ်မှန်တဲ့ တန်ဖိုးနဲ့ ဂုဏ်သိက္ခာဆိုတာ အဲဒီမြို့က လူတွေရဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနဲ့ အသိပညာတွေထဲမှာ ရှိနေပါတယ်။

ဒါကြောင့်မို့ ဆရာကြီးဟာ ပိုမိုခိုင်မာတဲ့ လူမျိုးတစ်မျိုးရဲ့ အနာဂတ်ကို တည်ဆောက်ပေးမယ့် စာပေနဲ့ အသိပညာအုတ်မြစ်ကို ချပေးခြင်း ဖြစ်ပါတယ်။

ဆရာကြီးဟာ ကချင်တို့ကို စာပေအက္ခရာနဲ့ အသိပညာအလင်းရောင်ဆီ လမ်းပြခေါ်ဆောင်ခဲ့ရုံသာမက၊ “The Kachins, Their Customs and Traditions” (၁၉၁၃) အပါအဝင် တန်ဖိုးရှိတဲ့ စာအုပ်တွေကို ရေးသားပြုစုခဲ့ပြီး ကချင်လူမျိုးတို့ရဲ့ သမိုင်း၊ ယုံကြည်မှု၊ ဓလေ့ထုံးတမ်း၊ လူနေမှုဘဝနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာက သိရှိနားလည်နိုင်အောင် မှတ်တမ်းတင်ထားခဲ့ပါတယ်။

သူ့ရဲ့ ထူးခြားပြောင်မြောက်တဲ့ လူထုအကျိုးပြုလုပ်ငန်းတွေကြောင့် အမေရိကန် ကောလ်ဂိတ် တက္ကသိုလ် (Colgate University) ကနေ စာပေပါရဂူ (Doctor of Letters) ဘွဲ့ အပ်နှင်းခြင်း ခံခဲ့ရသလို၊ အိန္ဒိယအစိုးရကလည်း ပြုစုစောင့်ရှောက်မှုဆိုင်ရာ အမြင့်ဆုံးသူရဲကောင်ဆု Kaisar-i-Hind (ရွှေတံဆိပ်) ဆုကို ချီးမြှင့်ခဲ့ပါတယ်။

၁၉၁၀ ပြည့်နှစ်မှာတော့ ဆရာကြီးဟာ ရှမ်းပြည်မြောက်ပိုင်း နမ္မခမ်းဒေသအထိ တိုးချဲ့အခြေစိုက်ခဲ့ပြီး ကချင်မျိုးနွယ်စုတွေရှိရာ ဒေသတစ်ခုလုံးကို စာပေနဲ့အလင်းရောင် ဖြန့်ကျက်ပေးခဲ့ပါတယ်။

သူဟာ နှစ်ပေါင်စများစွာ ကြမ်းတမ်းတဲ့ ကချင်တောတောင်တွေထဲ ခရီးဆန့်ခဲ့ခြင်း၊ ဆိုးရွားတဲ့ ရာသီဥတုနဲ့ ငှက်ဖျားရောဂါ ဒဏ်တွေကြောင့် ကျန်းမာရေး အားနည်းလာခဲ့ပါတယ်။

ဒါကြောင့် စာပေအသီးအပွင့်တွေ ကချင်မြေမှာ ဖူးပွင့်လာချိန်၊ သူကိုယ်တိုင်မှာတော့ အားအင် ကုန်ခမ်းလာခဲ့ချိန်ဖြစ်ပြီး ၁၉၂၈ ခုနှစ် သူ့အသက် ၆၄ နှစ် မှာ ကျန်းမာရေးအတွက် အနားယူကာ ဆေးကုသမှု ခံယူဖို့ မိခင်နိုင်ငံသို့ သာသနာပြုအဖွဲ့ရဲ့ စီစဉ်မှုနဲ့အတူ ပြန်လည်ထွက်ခွာခဲ့ရပါတယ်။

အမိမြေသို့ ပြန်ရောက်ပြီး မကြာမီ၊ ဆရာကြီးဟာ ၁၉၂၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့၊ မင်နီဆိုတာပြည်နယ်၊ စိန့်ပေါလ်မြို့မှာ သူသံယောဇဉ်ကြီးလှတဲ့ ကချင်တောင်တန်းတွေနဲ့ သူ့ကို အင်မတန် ချစ်ခင်အားကိုးကြတဲ့ ကချင်လူမျိုးများကို အပြီးအပိုင် နှုတ်ဆက်ပြီး ဘုရားသခင်ရဲ့ ရင်ခွင်တော်မှာ ထာဝရခိုလှုံရင်း အိပ်စက်သွားခဲ့ပါတယ်။

ကာလတွေ ဘယ်လောက်ပဲ ပြောင်းလဲသွားသွား၊ ခေတ်စနစ်တွေ ဘယ်လောက်ပဲ မှောင်မိုက်နေပါစေ၊ ဆရာကြီးရဲ့ ကျေးဇူးတရားနဲ့ လမ်းပြအလင်းရောင်ကတော့ ကချင်မိုးကောင်းကင်မှာ တည်ငြိမ်စွာ လမ်းညွှန်ပေးနေတဲ့ ဓူဝံကြယ်တစ်ပွင့်လိုပါပဲ။ ကချင်တို့ကို သမိုင်းတစ်လျှောက် အမြဲတမ်း လမ်းပြပေးနေသလို၊ ဆရာကြီးရဲ့ အမည်နာမဟာလည်း ကချင်တို့ရဲ့ နှလုံးသားထဲမှာ ထာဝရ ရှင်သန်လင်းလက်နေမှာ ဖြစ်ပါတယ်။

(မြန်မာနိုင်ငံမှာ ဘာသာစကားသာရှိပြီး စာပေအက္ခရာ မရှိသေးတဲ့ တိုင်းရင်းသာမျိုးနွယ်ပေါင်းများစွာ ကျန်ရှိနေသေးသော်လည်း၊ ၁၉၆၂ ခု မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ချိန်မှစပြီး ယခုချိန်ထိ “အက္ခရာအသစ်ကို သုညကနေ စတင်တီထွင်ပေးတာမျိုး” လုံးဝ မရှိတော့ပါ။)

References:

Light in the Jungle: Life Story of Ola Hanson of Burma (1954) – Gustaf A. Sword
The Ola Hanson Story
Bethlehem Baptist Church – Tom Steller
The Kachins: Their Customs and Traditions (1913) – Dr. Ola Hanson.

 

LEAVE A REPLY

Please enter your comment!
Please enter your name here