ဆယ်ဇင်းကျေးရွာတွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး KIA မှ စခန်းကုန်း သိမ်းပိုက်နိုင်ခဲ့ဟုဆို

275
KIA စခန်းသိမ်းအောင်ပွဲ

ဩဂုတ်၊၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ဆယ်ဇင်းကျေးရွာ တပ်စခန်းကုန်းမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ဒီကနေ့ ဩဂုတ်လ (၈) ရက်နေ့ နံနက်ပိုင်း (၁) နာရီခွဲ အချိန်ခန့်က တိုက်ပွဲပြင်းထန်ခဲ့ပြီး KIA ဘက်က စခန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်ကနေ ဆယ်ဇင်းကျေးရွာ တပ်စခန်းကုန်းကို သိမ်းယူခဲ့ပြီးနောက် ရွှေပြည်မြင့် ကြိုးတံတားဂိတ်မှာ ရောက်ရှိနေတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တွေနဲ့ တိုက်ပွဲပြန်လည် ဖြစ်ပွားနေတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဒီမနက် (၁) နာရီကျော်လောက်တည်းက တပ်စခန်းကုန်းကို သိမ်းတာလေ။ တပ်စခန်းကုန်းကို သိမ်းလို့ တပ်စခန်းကုန်းကို (၆) နာရီမထိုးခင်လောက်က ရပြီးတော့ အခု ရွှေပြည်မြင့်ဘက်မှာ ဆက်ဖြစ်နေကြတယ် SNA နဲ့” လို့ ဒေသခံက ဆိုပါတယ်။

အဲဒီ တပ်စခန်းကုန်း သိမ်းပိုက်ခဲ့တဲ့အချိန်စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်ခတ်မှုကြောင့် စခန်းကုန်းအနီးက ပြည်သူတစ်ဦး ကျည်စထိမှန်ပြီး သေဆုံးသွားတယ်လို့လည်း သိရပါတယ်။

တပ်စခန်းကုန်း သိမ်းတုန်းက တစ်ယောက်က ကုန်းပေါ်က ရွာသားတစ်ယောက် လမ်းပေါ်ထွက်ကြည့်တာ ကျည်စမှန်လို့ မနက်က ဆုံးတယ်ပြောတယ်” လို့ ဒေသခံက ဆက်လက်ဆိုပါတယ်။

နှစ်ဖက်တပ်ကြား ထိခိုက်သေဆုံးမှုနဲ့ ပက်သက်ပြီး သိရှိရခြင်းမရှိသေးပဲ တိုက်ပွဲစတင်ဖြစ်ပွားချိန် ကစပြီး ဆယ်ဇင်းကျေးရွာဘက်မှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတယ်လို့လည်း ဆိုပါတယ်။

ဆယ်ဇင်းကျေးရွာဘက်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၉) အောက် တပ်ရင်း (၂၆) တို့ လှုပ်ရှားနေတာ ဖြစ်ပါတယ်။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here