မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်း တီယန်ဇွပ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်နေ

118

 

ဩဂုတ်၊၁

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပေါ်က တီယန်ဇွပ်ကျေးရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ သိမ်းပိုက်နိုင်တာမရှိသေးဘဲ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းလောက်ကနေစပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်မဟာ ၁ ကနေ တီယန်ဇွပ်ကျေးရွာကစစ်ကောင်စီတပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

တီယန်ဘက် ဒီမနက်ကနေ တိုက်ပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ KIA အဖွဲ့ကနေ သွားရောက်ပစ်ခတ်ပါတယ်။ အဓိက တီယန်ဇွပ်ဘက် ဖြစ်တာ။ အခုထိတော့ ပစ်လိုက်နားလိုက် ဖြစ်နေပါတယ်။ သိမ်းမိတာတော့ မရှိသေးဘူး။ မြစ်ကြီးနားဆွမ်ပရာဘွမ်လမ်း တီယန်ဇွပ်ဘက်ကတော့ စစ်မြေပြင် ဖြစ်နေဆဲ ဖြစ်ပါတယ်လို့ ပြောပါတယ်။

တီယန်ဇွပ်ဒေသခံ ပြည်သူတစ်ဦးကတော့ အရင်က ရွာအတွင်း စခန်းတစ်ခုသာရှိပေမဲ့ လက်ရှိမှာတော့ ကျောင်းကောင်(Jawng Kawng)ဘက် တပ်စခန်းတစ်ခုနဲ့ တစ်ချို့ လက်ဝါးကားတိုင်တောင်ရှိတဲ့ဘက် တပ်စခန်းပြန်ချလာကြတာတွေရှိပြီး စစ်သားအင်အားကိုတော့ မသိရှိရဘူးလို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့နဲ့ မိုင် ၅၀ ကျော်လောက်ဝေးတဲ့ မြစ်ဆုံအထက်ပိုင်းက

တီယန်ဇွပ်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိပြီး လူဦးရေ တစ်ထောင်၀န်းကျင် နေထိုင်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here