ဇန်နဝါရီ၊၂၄
ဗန်းမော်မြို့ဘက်မှာ တိုက်ပွဲပြင်းထန်နေချိန် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အတွင်းကို ဒရုန်းနဲ့ဗုံးလာကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာပဲ ဗန်းမော်မြို့က စစ်ကောင်စီရဲ့ သံချပ်ကာတပ်ရင်းကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်တယ်လို့ သတင်းထွက်ပေါ်ပြီးနောက် လိုင်ဇာမြို့အနီးကို လေယာဉ်ပျံဝဲခဲ့တဲ့အပြင် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးလာကြဲသွားတာလို့ လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်။
“အခုပဲလာကြဲသွားတာ။ အိမ်အနားလေးမှာပဲ။” လို့ အထက်ပါဒေသခံက ဆိုပါတယ်။
နောက်ထပ်လိုင်ဇာဒေသခံတစ်ဦးကလည်း “ အခုကျွန်မတို့ အိမ်မှာနေတဲ့အချိန် တစ်ကြိမ်။ အဲဒါက အသံအကျယ်ကြီးပဲ။ ဘယ်နားမှာလဲ မသိဘူး။ ခန္ဓာကိုယ်တစ်ခုလုံးကို မ လိုက်သလိုပဲ ထိုင်နေတာကို။“ လို့ ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်တွေကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက ဗန်းမော်မြို့ကို တိုက်ခိုက်နေတာဖြစ်ပြီး အခုဆိုရင် ရက်ပေါင်း ၅၀ လောက်ကြာမြင့်နေပြီ ဖြစ်ပါတယ်။
KIA အနေနဲ့ ဗန်းမော်မြို့အနီး မံစီမြို့ကိုတော့ ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့အထိ တစ်လတာ ထိုးစစ်ဆင်ခဲ့ပြီး ကျန်ရှိနေတဲ့ မံစီအခြေစိုက် စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ ၃၁၉၊ ၆၀၁၊ ၃၅၂(အမြောက်တပ်ရင်း)တို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲဒီနောက်ဗန်းမော်မြို့ကို ဆက်လက်တိုက်ခိုက်နေခဲ့တာပါ။
ဗန်းမော်မြို့ဘက်မှာ စစ်ကောင်စီတပ်စခန်းများတဲ့အပြင် စစ်အင်အားလည်း များတဲ့အတွက် အချိန်ယူတိုက်ခိုက်နေရတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဇန်နဝါရီလ ၈ ရက်နေ့က ဖြေကြားထားပါတယ်။
စစ်ကောင်စီဟာ ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ အထိနာပြီး ရှုံးနိမ့်မှုတွေကြုံလာတိုင်း KIO ဌာနချုပ်ဘက်ကို ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်လေ့ရှိပါတယ်။