မြစ်ကြီးနားက တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းတို့ ဇနီးမောင်နှံ၏ နေအိမ်အား ချိပ်ပိတ်ရန် စစ်ကောင်စီ လုပ်ဆောင်နေပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့်ပါ အမှုဖွင့်ထားဟုဆို

697
တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်း

ဇွန်၊၂၆

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုရဲ့ အမိန့်အရ စစ်သားနဲ့ရဲ အယောက် ၃၀ လောက်ဟာ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းတို့ ဇနီးမောင်နှံနှစ်ဦးရဲ့ နေအိမ်ကို ချိပ်ပိတ်ဖို့ လွန်ခဲ့တဲ့ ဇွန်လ (၁၅) ရက်နေ့မှာ နေအိမ်ဘက်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံအပိုင်းမှာရှိတဲ့ သူတို့ရဲ့နေအိမ်ထဲက ပစ္စည်းတွေကို ရွေ့ပြောင်းခိုင်းပြီး ဇွန်လ (၂၀) ရက်နေ့မှာ နေအိမ်ကို ဓာတ်ပုံတွေလာရိုက်ပြီးတော့ ဇွန်လ (၂၂) ရက်နေ့မှာ နေအိမ်အကျယ်အဝန်းကိုလာရောက် တိုင်းတာသွားခဲ့တယ်လို့လည်း ဦးတင်ထွန်းသိန်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

သူတို့ ဘာပုဒ်မနဲ့ အမှုဖွင့်ဖွင့် သိမ်းသိမ်း ဝရမ်းထုတ်ထုတ် တရားဝင်မှု မရှိပါဘူး။ ဥပဒေမရှိ ဥပဒေချိုးဖောက်ပြီး ပြည်သူ မကြည်ဖြူဘဲ ပြည်သူ့အာဏာ လုယူ ခိုးဝှက် ယုတ်မာ ရက်စက်တဲ့ အကြမ်းဖက်တပ်က အစိုးရလို့ ခေါ်ဖို့မှ မထိုက်တန်တာ သူတို့လုပ်သမျှ အားလုံးက တရားဝင်မှုမရှိဘူး။ ဒါကြောင့် ကျွန်တော် မတရားမှု လုပ်ထားတာ မရှိဘူး။ မတရားမှုကို တွန်းလှန်နေတာပဲ ရှိတယ်လို့ပြောလိုတယ်။” လို့ ဦးတင်ထွန်းသိန်းက ဆိုပါတယ်။

အထက်ပါဇနီးမောင်နှံကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့သိရပြီး အဲဒီအကြမ်းဖက်မှု ဥပဒေဟာ ထောင်ဒဏ် ၁၀နှစ်အထက်/ ထောင်ဒဏ်တစ်သက်/ သေဒဏ်အထိ ချမှတ်အပြစ်ပေးလို့ရပြီးတော့ အမှုမပြီးခင် ဖမ်းခံရတာနဲ့တင် စစ်ကြောရေးမှာ အနှိပ်စက်ခံရပြီး သေသွားနိုင်သလို သေဒဏ်ချမှတ်ပြီး သတ်လို့ရတဲ့ ဥပဒေဖြစ်ကြောင်းလည်း ဦးတင်ထွန်းသိန်းက ဆိုပါတယ်။

စစ်ကောင်စီ ချိပ်မယ့်နေအိမ်ဟာ အသစ်ဆောက်လုပ်ထားပြီး လူပင်မနေရသေးတာကြောင့် နှမြောတာ စိတ်မကောင်းဖြစ်တာ ရှိပေမယ့် မြန်မာ့အရေး အရွေ့တစ်ခုအတွက် လှုပ်ရှားရုန်းကန်ချိန် အခုလို ချိတ်ပိတ်ခံရတာဟာ မတရားမှုကို တွန်းလှန်ခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်တာကြောင့် ဂုဏ်တောင်ယူရမှာ ဖြစ်တယ်လို့လည်း ရှေ့နေဦးတင်ထွန်းသိန်းက ပြောပါတယ်။

“လူမသိ သူမသိ အသက်ခံလိုက်ရတဲ့သူတွေ အိုးအိမ် ပျက်စီးပြီး နေရမဲ့ စားရမဲ့ ဖြစ်သွားတဲ့ ကျွန်တော်တို့ နိုင်ငံသားညီအကို မောင်နှမတွေထက်စာရင် ကျတော့ရဲ့ ဆုံးရှုံးနစ်နာမှုဟာ မပြောပလောက်ပါဘူးဗျာ။ ခံရတာချင်းအတူတူ လူသိနည်းတဲ့သူတွေ အတွက်တော့ ကူညီပေးဖို့နဲ့ တရားမျှတမှုရှာပေးပါလို့အော်ဟစ်ကူသူ သိပ်နည်းခဲ့ကြလေတော့ နစ်နာတာချင်းတူရင်တောင်မှ မထင်ပေါ်သူတွေကို ပိုသိမ်ငယ်ပြီး ထိခိုက် နစ်နာစေခဲ့ပါပြီ။” လို့လည်း ဦးတင်ထွန်းသိန်းက ဆက်လက်ပြောပါတယ်။

ရှေ့နေ ဦးတင်ထွန်းသိန်းဟာ NLDပါတီဝင် တစ်ဦးဖြစ်ပြီး မြစ်ကြီးနားခရိုင် အလုပ်အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်သလို တရားလွှတ်တော်ရှေ့နေတစ်ဦးလည်း ဖြစ်တဲ့အပြင် သူ့ဇနီးဟာလည်း တရားလွှတ်တော်ရှေ့နေတစ်ဦး ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပေါ် ဥပဒေနဲ့မညီညွတ်ကြောင်း၊ တရားမဝင်ကြောင်း၊ ကြေညာချက်ကို ဦးဆောင်ထုတ်ခဲ့တဲ့အပြင် ဆန္ဒပြပွဲတွေမှာ ဦးဆောင်သူ အဖြစ်ပါဝင်ခဲ့ပြီး ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေး၊ ဆန္ဒပြပွဲတွေမှာ စစ်ကောင်စီဘက်က အကြမ်းဖက်ဖြိုခွင်းတာတွေ မလုပ်ရေး ညှိနှိုင်းပေးခဲ့သူလည်းဖြစ်ပါတယ်။

ဒါအပြင် ဖမ်းဆီခံးဆန္ဒပြသူတွေ ဖမ်းဆီးခံ ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ကျန်ဝန်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမှုတွေကို ရှေ့နေအဖြစ် အခမဲ့ လိုက်ပါကူညီခဲ့သူလည်း ဖြစ်ပါတယ်။

အဲဒီလို ကူညီရင်း အဖမ်းခံရသူတွေ ဥပဒေပါအခွင့်အရေး မရကြ၍ နစကခန့် ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်ထံ ၁၁-၃-၂၀၂၁ နေ့စွဲပါ စာတင်ပြခဲ့တာကြောင့် ပြည်နယ်အစိုးရရုံးအထွက် တံခါးအဝမှာပဲ ဦးတင်ထွန်းသိန်းတို့ ဇနီးမောင်နှံကို ထိန်းသိမ်းပြီး မြို့မရဲစခန်းခေါ်ဆောင်သွားတာ ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

အဲဒီလို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး PCG နဲ့ မြို့ရွာ လူကြီးများ ကူညီပြောဆိုပေးချက်အရပြည်နယ်အစိုးရုံးသို့ ဥပဒေနှင့်အညီ “စာလာတင်သူကိုဖမ်းတာ မသင့်တော်ဘူး တခြားနေရာမှာ ဖမ်းရင်တော့ တစ်မျိုးပေါ့”ဟု ဝိုင်းဝန်းပြောဆိုပေးခဲ့ တာကြောင့် ပြန်လွတ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီ နောက်ပိုင်း ရှေ့နေကို ခရိုင်ရဲတပ်ဖွဲ့မှူးမှ အကြိမ်ကြိမ် ဆက်သွယ်ခေါ်ခဲ့တာတွေ ရှိခဲ့ပေမယ့် ပြန်လည်ဖမ်းဆီးခံရမှာသာ ဖြစ်တဲ့အတွက် သွားရောက်ခြင်းမရှိခဲ့တာတော့ ယနေ့အထိဖြစ်ကြောင်းလည်း သိရပါတယ်။

စစ်ဆေးမှုတွေ၊ ရှာဖွေမှုတွေ ကြား ခက်ခဲစွာ တိမ်းရှောင်နေရင်းကပင် ယခုအခါ သေဒဏ်အထိပေးလို့ရတဲ့အထိ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပြီး အိမ်ကိုပါ ဝရမ်းကပ် ချိပ်ပိတ်ဖို့ ပြောခံထားကြရတဲ့အထိ ခံရသူတွေဖြစ်တယ်လို့ ဦးတင်ထွန်းသိမ်းက ပြောပါတယ်။

“မတရားမှုကိုတွန်းလှန်သူတွေဘက်က ကူညီပေးရင်းနဲ့ တရားခံဖြစ်သွားတဲ့ ရှေ့နေဇနီးမောင်နှံလို့တောင် ဆိုလိုရတယ်။” လို့ ဦးတင်ထွန်းသိန်းကပြောပါတယ်။

ရှေ့နေတို့ဇနီးမောင်နှံကို စစ်ကောင်စီ ဘက်မှ ရှာဖွေဖမ်းဆီးရမိရေး ဆောင်ရွက်နေကြသလို စစ်ကောင်စီနဲ့ စစ်ကောင်စီ အပေါင်းအပါတွေဘက်ကနေ အသက်အန္တာရယ်အထိ ဒုက္ခပေးခြင်း ခံရနိုင်သူတွေလည်း ဖြစ်ပါတယ်။

ရှေ့နေတို့ဇနီးမောင်နှံက ရှေ့နေ ပညာဥပဒေပညာရပ်နဲ့ မြန်မာပြည်အရေးမှာ တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်သွားကြမှာဖြစ်ပြီး အခုအချိန်မှာတော့ ဘေးကင်းလုံခြုံစွာ နေထိုင်ဖို့ ကြိုးပမ်း နေကြရတယ်လို့လည်း ရှေ့နေဦးတင်ထွန်းသိန်းက ပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here