စက်တင်ဘာ၊၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ သံပုရာကုန်းကျေးရွာက အိမ်ခြေ ၂၀၀ ကျော်အတွက် နေအိမ် စာသင်ကျောင်းနဲ့ ကျန်းမာရေးဆေးပေးခန်းတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လွန်ခဲ့တဲ့ ဇွန်လလောက်က ဒေသခံ အယောက် ၇၀၀၀ ကျော်လောက် နေထိုင်ကြတဲ့ သံပုရာကုန်းရွာတစ်ခုလုံး ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပြိုကျသွားတဲ့အတွက် ရွာအသစ်ပြန်လည်ထူထောင် နေထိုင်ကြတာ ဖြစ်ပြီး အကူအညီတွေ လိုအပ်နေတာလို့ သံပုရာကုန်းကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ကျောင်းကလည်း ကမ်းပါးပြိုပြီး ပါသွားတာဆိုတော့ မရတာတွေ(ပစ္စည်းတွေ)များသွားတယ်လေ။ ဒီမှာကလည်း ရွာပြောင်းရွာရွှေ့နဲ့ဆိုတော့ ရွာသူ/သားတွေကလည်း သိပ်မတတ်နိုင်တော့ ကျောင်းဆိုတာလည်း မဆောက်နိုင်သေးတာပေါ့လေဗျာ။ သစ်ဈေး၊ ဝါးဈေးတွေကလည်းဈေးကြီး၊ ဘုန်းကြီးကျောင်းဘက်ကိုလည်း လှည့်ရ ဘာရနဲ့ဆိုတော့၊ တချို့မဆောက်နိုင်တဲ့ အိမ်တွေကများ။” လို့ ဒေသခံက ဆိုပါတယ်။
မနှစ်ကတည်းက ဒေသခံတွေရဲ့ နေအိမ်၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမြေတွေ စတင်ပြိုကျခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ဒေသခံတွေအားလုံးရဲ့ အိမ်၊ မြေ၊ ဘုန်းကြီးကျောင်းတွေအပြင် စာသင်ကျောင်းဆောင်တွေကအစ ရေတိုက်စားမှုအထဲ ပါသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ကျောင်းမရှိတဲ့အတွက် အခုအချိန်မှာ အယောက် ၅၀၀ ကျော်လောက်ရှိတဲ့ မူလတန်းကလေးတွေကို အထက်တန်းတက်ထားတဲ့ ကလေးတွေကနေ စာသင်ကြားပေးနေပေမဲ့ အလယ်တန်းနဲ့ အထက်တန်းကလေးကတွေကတော့ ကျောင်းလည်းမရှိတဲ့အပြင် သင်ပေးမယ့် ဆရာ၊ ဆရာမလည်းမရှိပါဘူး။
လက်ရှိ မူလတန်းကလေးတွေကို စာပြပေးနေတဲ့ ဆရာမတွေကိုတော့ ကျောင်းသားမိဘတွေဆီက ပိုက်ဆံစုပြီး တစ်လတစ်သိန်းနဲ့ ခန့်ထားကြတယ်လို့ ဒေသခံအမျိုးသားက လက်ရှိအခြေအနေကို ဆက်လက်ပြောပါတယ်။
အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ သံပုရာကုန်းကျေးရွာ ဒေသခံတွေဟာ ရွာမြေမရှိတော့တဲ့အတွက် တစ်အိမ်ထောင်ကို ၁၀ သိန်းဆီစုထည့်ပြီး ရေနီကျေးရွာက မြေဧက ၂၀ ကျော်ကို သိန်း ၂,၀၀၀ ကျော်နဲ့
ဝယ်ယူပြီး သံပုရာကုန်းကျေးရွာလို့ အမည်ပြန်ပေးပြီး နေထိုင်နေတာလို့ သိရပါတယ်။
ရွာသစ်ဖြစ်တဲ့အတွက် နေအိမ်တွေ၊ ဘုန်းကြီးကျောင်းဆောင်တွေ၊ ကျန်းမာရေးဆေးပေးခန်းဆောင်တွေ လိုအပ်နေတဲ့အပြင် လျှပ်စစ်မီးတွေလည်း အခုထိတပ်ဆင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။







