မြန်မာစစ်တပ်ဦးဆောင်သည့် အာဆီယံလေတပ် အစည်းအဝေးကို ၅ နိုင်ငံ လာတက်

82
ဓာတ်ပုံ - စစ်ကောင်စီက ထုတ်ပြန်ထားသည့် အာဆီယံလေတပ်အကြီးအကဲညီလာခံ

 

စက်တင်ဘာ၊ ၁၄

မြန်မာစစ်တပ် လေတပ်ဦးစီးချုပ်က အိမ်ရှင်အဖြစ်ဦးဆောင်တဲ့ အကြိမ် ၂၀ မြောက် အာဆီယံလေတပ်အကြီးအကဲ ညီလာခံကို ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဘရူနိုင်းနိုင်ငံတို့ကပဲ တက်ရောက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ သိရပါတယ်။

အဲဒီအစည်းအဝေးကို မနေ့က စက်တင်ဘာလ ၁၃ ရက်နေ့ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာနမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ကျန်တဲ့အာဆီယံနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူတို့က အဲဒီအစည်းအဝေးကို မတက်ရောက်ခဲ့ပေမဲ့ ဖိလစ်ပိုင်နဲ့ စင်္ကာပူနိုင်ငံလေတပ်ဦးစီးချုပ်တို့ကတော့ ဗွီဒီယိုသတင်းစကား ပေးပို့ခဲ့ကြတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အဲဒီအစည်းအဝေးကိုတော့ မြန်မာနိုင်ငံက လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်က သဘာပတိအဖြစ်နဲ့ ဆောင်ရွက်ကျင်းပခဲ့တာဖြစ်ပါတယ်။

လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်ဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း မြန်မာနိုင်ငံတဝန်း အရပ်သားပြည်သူများအပေါ် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အမိန့်ပေးကွပ်ကဲခဲ့တဲ့သူဖြစ်တယ်လို့ Justice for Myanmar (JFM) က ထုတ်ပြန်ထားပါတယ်။

JFM ဟာ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ၊ အပြစ်ကျူးလွန်မှုတွေကို အရပ်သားအစိုးရလက်ထက်ကတည်းက ဖော်ထုတ်နေပြီး နိုင်ငံတကာက အပြစ်ပေးအရေးယူမှုတွေလုပ်ပေးဖို့ တောင်းဆိုနေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကိုလည်း အာဆီယံနိုင်ငံတာဝန်ရှိသူတွေအနေနဲ့ မတက်ရောက်ကြဖို့ JFM က ဒီလဆန်းပိုင်းကတည်းက တိုက်တွန်းခဲ့ပါသေးတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က စစ်တပ်ရဲ့လေကြောင်းကနေဗုံးကြဲမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဇီကြီး ကျေးရွာမှာ စုရုံးရောက်ရှိနေတဲ့ အရပ်သားပြည်သူတွေ အများအပြားသေဆုံးခဲ့ပါတယ်။ အဲဒီဗုံးကြဲမှုမှာ ကလေးသူငယ် ၄၀ အပါအဝင် အနည်းဆုံး လူပေါင်း ၁၆၈ ယောက် သေဆုံးခဲ့တာပါ။

ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အနန့်ပါဒေသက ဂီတ ဖျော်ဖြေပွဲတစ်ခုကိုလည်း စစ်တပ်ကဗုံးကြဲခဲ့တာကြောင့် အနည်းဆုံး လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here