ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်သုံးခုက စိုက်ပျိုးစရိတ်ချေးငွေ ချေးထားကြသည့် တောင်သူ ၆,၄၀၀ ကျော် ချေးငွေပြန်ဆပ်ရန် အခက်အခဲရှိနေ

133
ကချင်ပြည်နယ်တောင်သူ

ဧပြီ၊၁၀

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(စိုက်ဘဏ်)ကနေ စိုက်ပျိုးစရိတ်ချေးငွေ ချေးယူထားကြတဲ့ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်နဲ့ တနိုင်းမြို့နယ်တွေထဲက တောင်သူ ၆,၄၀၀ ကျော်ဟာ ချေးငွေတွေကို အမြန်ဆပ်ဖို့ ဖိအားပေးခံနေရပါတယ်။

အဲဒီချေးငွေတွေကို လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်က ချေးယူထားကြတာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ပြန်ဆပ်ရမှာဖြစ်ပေမဲ့ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့အတွက် မဆပ်ဖြစ်ခဲ့ကြတာလို့ တနိုင်းမြို့နယ် လီဒိုလမ်းမပေါ်မှာရှိတဲ့ ကျေးရွာတစ်ရွာနေ တောင်သူအမျိုးသားတစ်ဦးက ပြောပါတယ်။

“စိုက်ဘဏ်နဲ့ဆိုင်တဲ့သူတွေကလည်း CDM လုပ်တဲ့သူကလုပ်၊ အားလုံးဖရိုဖရဲဖြစ်သွားတော့ ပိုက်ဆံသွားပို့မယ့်သူတွေက ဘယ်သူမှမရဲ၊ ထိန်းသိမ်းတဲ့သူတွေကလည်း ဘယ်မှာ သိမ်းရမလဲဆိုတာကလည်း ဖရိုဖရဲတွေဖြစ်နေတော့ နားလိုက်ပြီး ၂၀၂၂ မှ တစ်ခါပြန်ပြီး သူတို့ အတိုးကောက်ဖို့လုပ်တာ နိုင်ငံရေးကပိုရှုပ်လာတော့ ပြန်မကောက်တော့ဘဲ အခု၂၀၂၃ မှာ အားလုံးအပြီး ၃ နှစ်စာ အတိုးနဲ့ အရင်းနဲ့ ဆပ်ဖို့ပြောလာတာ။”လို့ ဆိုပါတယ်။

ချေးငွေဆပ်ဖို့ တောင်သူတွေ အဆင်သင့်လုပ်ထားတဲ့အချိန်မှာ မကောက်ခံခဲ့ကြဘဲ အားလုံးခက်ခဲနေကြတဲ့အချိန်ရောက်မှ ၃ နှစ်စာအတိုးအပြင် ဒဏ်ကြေးငွေအထိပါ မဆပ်မနေရပုံစံနဲ့ ဖိအားပေးကောက်ခံတာကြောင့် တောင်သူတွေအားလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း တောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က သီဥတုဖောက်ပြန်တာကြောင့် ခါတိုင်းနှစ်တွေထက် စပါးအထွက်နှုန်း ကျဆင်းသွားသလို စပါးဈေးတွေ ကျသွားတဲ့အတွက် အခုအချိန်မှာ ငွေကြေးပိုင်ဆိုင်ရာ အခက်အခဲတွေ ကြုံနေကြရတယ်လို့ လီဒိုလမ်းပေါ်က နောက်ထပ် တောင်သူအမျိုးသားတစ်ဦးက ပြောပါတယ်။

“ချေးထားကြပြီဆိုတော့ ဆပ်ရတော့မယ်ဆိုပြီး ရွာကလူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ မြို့နယ်ကို ဒီနှစ်တော့ အရမ်းအကြပ်အတည်းဖြစ်တဲ့အတွက် အတိုးအမြတ်ကိုပဲ ထည့်ဖို့ပြောတာ လက်မခံဘူးဆိုတော့ ဒီနေ့က ဒဏ်ကြေးငွေက ပြန်ပါလာတော့ ဘယ်လိုမှထည့်နိုင်ဖို့(ဆပ်နိုင်ဖို့) ဘယ်သူမှမရှိဘူးပေါ့။”လို့ တောင်သူအမျိုးသားက အခက်အခဲကို ရှင်းပြပါတယ်။

ချေးငွေဆပ်ဖို့ ကျန်ရှိသေးတဲ့တောင်သူတွေက မိုးကောင်းမြို့နယ်က အများဆုံးဖြစ်ပြီး ၄,၈၆၄ ဦး၊ ဖားကန့်မြို့နယ်မှာ ၁,၃၅၄ ဦးနဲ့ တနိုင်းမြို့နယ်မှာ ၂၁၈ ဦး စုစုပေါင်း ၆,၄၃၆ ဦးဖြစ်တယ်လို့ မိုးကောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာရှိတဲ့ တာဝန်ရှိသူတစ်ဦးဆီက သိရပါတယ်။

အတိုးနှုန်းတွေကို အရင်က ငွေ ၁၀၀ ကျပ်မှာ ၁ ကျပ်နှုန်းယူခဲ့ပေမဲ့ နိုင်ငံအတွင်း ကိုဗစ် -၁၉ ဖြစ်တဲ့အတွက် စီးပွားရေးအကြပ်အတည်းကာလဖြစ်တာကြောင့် ၂၀၂၀ ကတည်းကစပြီး အတိုးနှုန်းကိုလျော့ပြီး ၄၂ ပြားနဲ့သာ ကောက်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် တစ်နှစ်လုံးအတွက် တောင်သူတွေဆီက ဒဏ်တိုးကိုမယူဘဲ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်ရဲ့ ဧပြီလအထိသာ အတိုး ၄၂ ပြားနဲ့ ဒဏ်ကြေး ပြား ၅၀ ကိုသာယူထားတာကြောင့် ချေးငွေတွေကို အမြန်ဆုံး ပြန်ဆပ်စေလိုတယ်လို့ စိုက်ဘဏ်တာဝန်ရှိသူက ဆိုပါတယ်။

“၄၂ ပြားပဲရှိတာ၊ သတ်မှတ်ရက်မှာ မပေးမှ သတ်မှတ်ရက်ကို လွန်သွားမှသာ ကျနော်တို့က ပြား ၅၀ ပြန်တိုးတာ။ အဲမှာမှ ၉၂ ပြားဖြစ်သွားတာ။ အခုမှသာ ၄၂ ပြားနဲ့ ပြား ၅၀ နဲ့ပေါင်းပြီး ၉၂ ပြားကောက်မှာပေါ့နော်။ ရှေ့ကိုလည်း ကျနော်တို့က ၄၂ ပြားနဲ့ပဲကောက်ခဲ့တာ။”လို့ အထက်ပါတာဝန်ရှိသူ ရှင်းပြပြောဆိုပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ၃ နှစ်အထိ ချေးငွေမဆပ်တဲ့ တောင်သူတွေကို တရားစွဲဖို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ပြောဆိုထားတယ်လို့လည်း မိုးကောင်းမြို့နယ်၊ စိုက်ဘဏ်တာဝန်ရှိသူက ပြောပါတယ်။

“ဒီတောင်သူတွေက နှစ်စဉ်နှစ်တိုင်း အကြွေးက ကျေနေတာပေါ့။ ၂၀၁၉ အထိ ပုံမှန်ဆပ်နေတဲ့ အခါကျတော့ ပြစ်ဒဏ်လုံးဝမရှိဘူး။ ၂၀၂၀ ကစမှ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေအရ ကျန်သွားတာပေါ့ ။ အဲဒီတော့ ကျနော်တို့ကလည်း နှစ်စဉ်နှစ်တိုင်းကျေနေတဲ့ တောင်သူတွေဖြစ်တဲ့အတွက် ခဏတော့နေဦးမယ်၊ တရားမစွဲသေးဘူး။ ခဏစောင့်ပေးပါဦးဆိုပြီးတော့မှ တောင်းဆိုထားတာပေါ့နော်။”လို့ ဆိုပါတယ်။

တောင်သူတွေအားလုံးရဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇)ကို စိုက်ဘဏ်မှာပဲ အပေါင်အနေနဲ့ ထားထားရပြီး ချေးငွေမဆပ်သူ တစ်ယောက်ရှိခဲ့ရင် တစ်ရွာလုံးကို ပုံစံ (၇) ပြန်မပေးဘူးလို့လည်း ပြောဆိုထားတဲ့အတွက် ဖိအားများနေရတယ်လို့လည်း တောင်သူတွေက ဆိုပါတယ်။

လယ်ယာလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ကိုင်ဆောင်ထားတဲ့ တောင်သူတွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နှစ်စဉ် လယ်တစ်ဧကကို ကျပ်တစ်သိန်းနှုန်းနဲ့ အများဆုံး ကျပ်သိန်း ၂၀ အထိ ထုတ်ချေးပေးတဲ့အပြင် လယ်ယာလုပ်ငန်းသုံးစက်တွေဝယ်ဖို့အတွက် နောက်ထပ် သိန်း ၅၀၀ ကိုလည်း လိုအပ်သူတွေကို ထုတ်ချေးပေးတယ်လို့လည်း သိရပါတယ်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေတွေကို မဆပ်ရသေးတဲ့ တောင်သူတွေ ဘယ်လောက်ထိရှိသလဲဆိုတာကို မေးမြန်းဖို့ ပြည်နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here