ဧပြီ၊၂
မြန်မာပြည်အလယ်ပိုင်းမှာ ငလျင်ဘေးသင့်နေတဲ့အပြင် တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရချိန် စစ်ကောင်စီက သင်္ကြန်ပွဲကို ကျင်းပသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး မြစ်ကြီးနားမြို့မှာလည်း သင်္ကြန်မဏ္ဍပ် ဆောက်လုပ်နေပါတယ်။
မြစ်ကြီးနားမြို့ အမှတ်(၈) အထက်တန်းကျောင်းရှေ့မှာ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်နေဆဲဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“အဲဒီတစ်ခုတော့ ဆောက်နေတယ် တခြားနေရာတွေမှာတော့ မဆောက်ဘူး။ အဲဒါက ဗဟိုမဏ္ဍပ်ထင်တယ်။”လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
စစ်ကောင်စီတပ်က တစ်နိုင်ငံလုံးငလျင်ဘေးကြောင့် ဝမ်းနည်းကြေကွဲနေတဲ့အတွက် မြန်မာ့ရိုးရာ သင်္ကြန်ပွဲကို အပျော်အပါး သီဆိုကခုန်မှုတွေမပါဘဲ ကျင်းပသွားမယ်လို့ မနေ့ ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
“သင်္ကြန်မှာ သွားပျော်မဲ့သူတွေကို လူစိတ်မရှိဘူးလို့ပဲထင်တယ်။ ကိုယ့်မိဘ ကိုယ့်မြို့ရွာဖြစ်မှပဲ သိကြမှာ။ ငလျင်အဲဒီလိုမျိုးတွေဖြစ်ရင် ပိုပြီးကြည့်ပေးရမှာ။”လို့ အထက်ပါ မြစ်ကြီးနားမြို့ခံ အမျိုးသမီးက ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကတော့ ငလျင်ဒဏ်သင့်နေချိန်မှာ လူသားချင်းစာနာထောက်ထားသောအားဖြင့် ပျော်ပွဲရွှင်ပွဲနဲ့ သင်္ကြန်ပွဲတော်ကို ပြုလုပ်မှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနဲ့မန္တလေးမြို့အနီး ဗဟိုပြုပြီးတော့ ၇ ဒဿမ ၇ ရစ်ချ်တာစကေးရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးတော့ ဧပြီ ၁ ရက်ညပိုင်းထိ သေဆုံးသူ ၃,၀၀၀ လောက်ရှိနေပါပြီဖြစ်ပါတယ်။