ငလျင်ဘေးကူနိုင်ဖို့ ယာယီအပစ်ရပ်ထားကြပေမဲ့ ဝိုင်းမော်-ဝါရှောင်လမ်းဘက်မှာ ပစ်ခတ်သံတွေ ကြားနေရဟုဆို

95

ဧပြီ၊၃

နှစ်ဖက်တပ်တွေအနေနဲ့ ယာယီအပစ်ရပ်တယ်လို့ ထုတ်ပြန်ထားကြပေမဲ့ ဒီကနေ့ မနက်မှာတော့ ဝိုင်းမော်(၅၈ တပ်ရင်းအကျော်) -ဝါရှောင်လမ်း (လမြန်ကျေးရွာတစ်ဝိုက်) ဘက်မှာ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေရဲ့ ပစ်ခတ်သံတွေဖြစ်ပြီး စစ်ကောင်စီရဲ့ ၅၈ တပ်ရင်းဘက်က လက်နက်ကြီး ပစ်ခတ်သံတွေ ဖြစ်နိုင်တယ်လို့ ဝိုင်းမော်မြို့ခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အသံအရတော့ ၅၈ ဘက်ကပဲ။ ခါတိုင်းထက်တောင် ပိုကြမ်းနေသလိုလို၊ စည်းချက်ကျကျပဲ။“လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိလည်း ပစ်ခတ်နေဆဲဖြစ်ပြီး လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတာ ဖြစ်တယ်လို့လည်း ဝါရှောင်ဒေသခံတစ်ဦးက ပြောပါတယ်။

အခုပြောနေတဲ့အချိန်ပဲ ဒုန််််််််းဆိုပြီးဖြစ်သွားတယ်။ လက်နက်ကြီးတွေ လှမ်းထုတဲ့အသံ။ ပြီးမှ ဒီဘက်နေ လက်နက်ငယ်သံလေးတွေ ပြန်ပစ်တဲ့သဘော။လို့ ဆိုပါတယ်။

ဝိုင်းမော်- ဝါရှောင်လမ်းဘက်မှာ တိုက်ပွဲဖြစ်နေတာ မှန်ကန်ပြီး ဘယ်ဘက်ကစပစ်သလဲဆိုတာ မသိရသေးကြောင်း၊ စစ်ကောင်စီကဘက်က အပစ်ရပ်ထုတ်ပြန်ပြီးနောက်ပိုင်း အင်းတော်ဘက်မှာ လေကြောင်းပစ်ခတ်မှုတွေရှိနေတယ်လို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဘယ်အဖွဲ့တွေစပစ်သလဲဆိုတော့တော့ ရှေ့တန်းသမားတွေသိမှာပါ။ အဲဒါက မေးကြည့်ရဦးမယ်။ တိုက်ပွဲကတော့ ရှိပါတယ်။ ဒီမနက်အောက်အင်းတော်ဘက်မှာလည်း နာရီခွဲအချိန်မှာ လေကြောင်းနဲ့ ပစ်ခတ်မှုတွေရှိတယ်။ အဲဒါနောက်မှာ အခုဝူယန်၅၈ ဘက်မှာလည်း မြေပြင်တိုက်ပွဲရှိပါတယ်။ အများပိုင်းကတော့သူတို့(စစ်ကောင်စီ) က ပစ်တာနေမှာပါ။ ဒရုန်းတွေလည်း လာတယ်လို့ ပြောတယ်။ ဆိုတော့ သူတို့က ပစ်ခတ်ရပ်စဲရေးကြေညာတဲ့နောက်ပိုင်းမှာ အခုအချိန်ထိတော့ တိုက်ပွဲက ဆက်ရှိနေဆဲ ဖြစ်ပါတယ်ခင်ဗျ။ လို့ ဗိုလ်မှူးကြီးနော်ဘူက ဖြေကြားခဲ့တာပါ။

ငလျင်ဘေးဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ဆိုပြီး စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်နေ့အထိ ယာယီပစ်ခတ်တိုက်မှု ရပ်စဲရေးကာလဆိုပြီး မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် နာရီပိုင်းအကြာမှာ KIO ကလည်း ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်နေ့အထိ အပစ်ရပ်ကြောင်းကြေညာခဲ့ပြီး အပစ်ရပ်သဘောတူညီမှုတွေကို စစ်ကောင်စီကိုယ်တိုင် လိုက်နက်ဖို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကနေ့မနက်အစောပိုင်းမှာတော့ တိုက်ပွဲတွေရပ်တန့်သွားတာမရှိဘဲ ဆက်လက်ဖြစ်ပွားနေတာကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီက ထုတ်ပြန်တဲ့ အပိုဒ် (၄) ထဲမှာတော့ ယာယီပစ်ခတ်တိုက်ခိုက်မှုကြေညာထားတဲ့ ကာလအတွင်း တိုင်းရင်းသာလက်နက်ကိုင် အဖွဲ့တွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေနေနဲ့ အများပြည်သူသွားလာ အသုံးပြုလျက်ရှိတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ နှောက်ယှက်တိုက်ခိုက်တာနဲ့ ဖျက်ဆီးတာ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ပျက်စီးစေတာ မပြုလုပ်ဖို့ ပါရှိပါတယ်။

ဒါ့အပြင် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းတွေနဲ့ တပ်ဌာနချုပ်တွေကိုတိုက်ခိုက်တာ၊ အင်အားစုဆောင်းတာ၊ ပြင်ဆင်စုဖွဲ့တာနဲ့ နယ်မြေချဲ့ထွင်တာတွေ မပြုလုပ်ဖို့နဲ့ ဆောင်ရွက်လာရင် လိုအပ်တဲ့တုံ့ပြန်မှုတွေဆောက်ရွက်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။

ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို စစ်ကောင်စီကိုယ်တိုင်နဲ့ တိုက်ပွဲဆင်နွှဲသူတွေအားလုံး လိုက်နက်ဖို့လိုအပ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ရေရှည်လုပ်ရမယ်လို့လည်း KIO ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က လူမှုကွန်ရက် စာမျက်နှာကနေ မှတ်ချက်ပေးရေးသားထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here