အာဏာရှင်ကို တော်လှန်နေတဲ့ KPDF တွေရဲ့ ဒီဇင်ဘာအလွမ်း

266
KPDF Soldiers- Kachin

ဆောင်းရာသီလတွေထဲကမှ ဒီဇင်ဘာလဟာ ခရစ္စယာန်ဘာသာဝင်တွေရဲ့ ကယ်တင်ရှင် ယေရှုသခင် မွေးဖွားတဲ့လအဖြစ် ပျော်ရွှင်မှုနဲ့ ဖြတ်သန်းလေ့ရှိတဲ့ ကာလတစ်ခု

သခင်ယေရှုမွေးဖွားလာတဲ့ ဒီဇင်ဘာ(၂၅)ရက်နေ့ရောက်ပြီဆိုရင် ဘုရားကျောင်းသွားတဲ့ သူကသွား၊ မိသားစု၊ သူငယ်ချင်းတွေ စုဝေးသူတွေကစုဝေး၊ သိုက်သိုက်ဝန်းဝန်းနွေးထွေးမှုအပြည့်နဲ့ ပျော်ရွှင်စရာ မြင်ကွင်းတွေကို မြင်တွေ့ရတဲ့ လဖြစ်ပါတယ်။

အဲဒီလို ပျော်ရွှင်စရာကောင်းတဲ့ ခရစ္စမတ်ကာလဟာ စစ်တပ်အာဏာသိမ်းလိုက်တဲ့အချိန်ကနေ ပျော်ရွှင်ရယ်မောခဲ့ရတဲ့ အချိန်ကာလကနေ ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားတာဟာ အခုဆို(၂)နှစ်လောက် ရှိနေပါပြီ။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးက စစ်တပ်ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်ကနေ လိုက်လံဖမ်းဆီး၊ အကြမ်းဖက်နှိမ်နင်း သတ်ဖြတ်တာတွေအထိ လုပ်ခဲ့ရာကနေ လူငယ်လူရွယ်တွေဟာ တောထဲတောင်ထဲကနေ စစ်ပညာသင်ကြားပြီး တော်လှန်ရေးတိုက်ပွဲတွေ ဝင်နေတဲ့အထိပါ။

တောတောင်တွေထဲကနေ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ ကချင်ပြည်နယ်အတွင်းက တော်လှန်ရေး ရဲဘော်တွေဟာ ခရစ္စမတ်ကာလရောက်ပြီဆိုရင် အရင်လို မိသားစုအသိုင်းအဝိုင်းနဲ့ ပျော်ရွှင်ဖွယ် ဖြတ်သန်းလိုတဲ့ မျှော်လင့်ချက်တွေနဲ့ အာဏာရှင်ကို ဆက်လက်တော်လှန်နေကြပါတယ်။

မိသားစုတွေနဲ့ ဝေးကွာနေကြတဲ့ တော်လှန်ရေး ရဲဘော်တွေအတွက်တော့ ဒီနှစ်ခရစ္စမတ်ဟာလည်း အလွမ်းတွေနဲ့ ကျော်ဖြတ်ရအုံးမှာပါ။

 “မိသားစုရှိသူတိုင်းကတော့ အိမ်ကို လွမ်းတတ်ကြတာပါပဲ။ အိမ်နဲ့ခွဲခွာရပြီဆိုရင် အိမ်ကို ပြန်ချင်ကြသူတွချည်းပဲပေါ့။ ဒါပေမဲ့ အိမ်ကို ပြန်လာခွင့်ရမလား၊ မရဘူးလားဆိုတာ ကျွန်တော်တို့ တကယ် မသိဘူး” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဖြစ်တဲ့ ကိုဒန်ခုန်အောင်ကသူ့ရဲ့ ခံစားချက်ကို ပြောပါတယ်။

ကိုဒန်ခုန်အောင်ဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်ဖို့ အာဏာသိမ်းကတည်းကနေစပြီး တော်လှန်ရေးရဲဘော်အဖြစ် ရပ်တည်နေခဲ့သူတစ်ဦးပါ။

ရှေ့တန်းစစ်မြေပြင်မှာ စစ်တပ်ရဲ့ လေယာဉ်အသုံးပြု တိုက်ခိုက်ခံရတာကြောင့် ဘယ်ဘက်နားတစ်ဖက်ဟာ အကြားအာရုံ ထိခိုက်သွားတဲ့အထိ ဖြစ်သွားခဲ့ပေမယ့် ကိုဒန်ခုန်အောင်ရဲ့ တော်လှန်ရေးစိတ်ဓာတ်ဟာ ပြင်းထန်နေဆဲပါ။

တော်လှန်ရေးတိုက်ပွဲဝင်ရင်း ပျော်ရွှင်စရာကောင်းတဲ့ ခရစ္စမတ်နေ့ရက်ရောက်တိုင်း မိသားစုတွေနဲ့ ဝိုင်းဖွဲ့ ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေကို အမှတ်ရပြီး အိမ်ပြန်ချင်စိတ်တွေ ဖြစ်မိပေမယ့် တော်လှန်ရေးအတွက်  စစ်တိုက်နေရအုံးမယ်လို့ သူကပြောဆိုပါတယ်။

တစ်ချိန်ဆိုရင်တော့ တော်လှန်ရေးအောင်မြင်ပြီးသွားလို့ ရှိရင် ပိုပျော်ရွှင်စရာကောင်းတဲ့ ခရစ္စမတ်ကို စိတ်ရော၊ လူရော ပါဝင်ဆင်နွှဲရမှာပါ။ ဒီအချိန်ကတော့ ကျွန်တော်တို့ ခရစ္စမတ်ဆိုတာ ဆုတောင်း နိုင်တဲ့သူတွေက ကျွန်တော်တို့အတွက်ကို ဆုတောင်းပေးကြပြီးတော့ ကျွန်တော်တို့ကတော့ ဆုတောင်းရင်းနဲ့ စစ်မြေပြင် စစ်တိုက်ရမှာပါပဲ”

ကိုဒန်ခုန်အောင်လိုပဲ စစ်မြေပြင်မှာ ရောက်ရှိနေတဲ့ တော်လှန်ရေး ရဲဘော်တွေဟာလည်း ခရစ္စမတ်ရောက်တိုင်း အိမ်ရဲ့ နွေးထွေးမှုကို လွမ်းဆွတ်တမ်းတနေသူတွေလည်း ရှိနေပြန်ပါတယ်။

 “နောက်လာမယ့် ခရစ္စမတ်ရောက်လို့ရှိရင်တော့ ကိုယ့်ရဲ့ မိသားစုတွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေ အကုန်လုံးနဲ့ စုံစုံလင်လင်ရှိနေဖို့ပေါ့။ ပြီးတော့ကိုယ်ချစ်ရတဲ့ ချစ်သူလေးနဲ့လည်း အတူတူရှိနေချင်တာပေါ့။ တော်လှန်ရေးကို အမြန်ဆုံးအောင်မြင်ဖို့ပေါ့” ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နောက်တစ်ဦးဖြစ်တဲ့ ကိုအယ်လ်ဖီက ဆိုပါတယ်။

လက်ရှိမှာတော့ ကချင်ပြည်နယ်ရဲ့ နေရာအနှံ့လိုလို စစ်ကောင်တပ်ကနေ စစ်ကြောင်းထိုးမှုတွေရှိနေပြီး တိုက်ပွဲတွေ နေရာစိပ်စိပ် ဖြစ်ပေါ်နေတာပါ။

အဲဒီလို စစ်ကြောင်းထိုးမှုတွေ ဆက်တိုက်ရှိနေတာကြောင့် တော်လှန်ရေးအတွက် ပိုမိုအားစိုက်ရမှာ ဖြစ်ပြီး နောက်နှစ်တွေမှာ ရောက်ရှိလာမယ့် ခရစ္စမတ်အတွက် ဆုတောင်းသံဟာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိပြီး မိသားစုနဲ့ အမြန်ဆုံးပြန်လည်ဆုံနိုင်ဖို့ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုပိုင်ကလည်း သူ့ရဲ့ မျှော်လင့်ချက်ကို ပြောပြပါတယ်။

 “ကျွန်တော်တို့ အသက်ရှင်နေသ၍ပေါ့ စစ်အာဏာရှင်စနစ်ကို မလိုချင်လို့ အစကတည်းက တိုက်ခဲ့တာဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် အဆုံးထိ တိုက်သွားမယ်ပေါ့။ မိသားစုနဲ့ ပြန်ဆုံချင်တယ်။ အားလုံးလိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အမြန်ဆုံးရချင်တယ်” လို့ဆိုပါတယ်။

ကိုပိုင်လိုပဲ တော်လှန်ရေးတပ်ဖွဲ့ဝင် ကိုအော့ပင်းထွယ်ရဲ့ မျှော်လင့်ချက်ဟာလည်း တော်လှန်ရေးအမြန်းဆုံးပြီးမြောက်ပြီး ချစ်ရတဲ့ မိသားစုနဲ့ ဆုံတွေ့နိုင်ခွင့် ဖြစ်ပါတယ်။

 “တော်လှန်ရေးမှာတော့ လက်ရှိ ရှိနေတဲ့နေရာကနေ အကောင်းဆုံး ဆက်လက်ပါဝင်သွားမယ်။ လာမယ့် ခရစ္စမတ်ကတော့ အာဏာရှင်မရှိတဲ့ ခရစ္စမတ် ဖြစ်ပြီးတော့ တကယ် Messiah တကယ် အုပ်စိုးတဲ့ ခရစ္စမတ်လိုဟာမျိုး မျှော်လင့်တာပေါ့”

စစ်တပ်ကနေ(၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့က အာဏာသိမ်းပြီးချိန်ကနေစပြီး လက်ရှိအချိန်အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ(၁၃၀၀၀)ကျော်၊ ကျဆုံးသူ(၂၅၀၀)ကျော်၊ ထောင်ဒဏ်ချမှတ်ခံရသူ(၁၆၀၀)ကျော်နဲ့ သေဒဏ်ကျခံရသူ (၁၃၉)ဦးတို့ ဖြစ်တယ်လို့ အေအေပီပီ(AAPP)ရဲ့ စာရင်းအရ သိရပါတယ်။

တော်လှန်ရေးကို အဆုံးထိ ပါဝင်သွားမှာဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနနဲ့ပတ်သက်ပြီးတော့လည်း ကိုဒန်ခုန်အောင်က သူ့ရဲ့ စစ်မြေပြင်က အခြေအနေကို အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

“ကျွန်တော်တို့ ရွေးချယ်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေး၊ ဒီစစ်ဆင်ရေး အတိုင်းပဲ ဆက်သွားမယ်။ စစ်ပွဲတွေက ပိုပိုပြီး ကြမ်းတမ်းလာသလို အပျက်အစီးတွေက ပိုများလာတယ်။ သူတို့ဘက်ကနေ တိုက်စစ်ဖွင့်တာတွေ အရမ်းများလာတယ်။ လေကြောင်း ပစ်ကူတွေ အရမ်းများလာတယ်။ သူတို့လည်း တောင့်ခံနေရတာ ဖြစ်တယ်။ ကျွန်တော်တို့ကလည်း တောင့်ခံနေရတယ်။ တောင့်ခံနေရတဲ့ နှစ်ဖက်မှာ ဘယ်ဘက်က ပိုတောင့်ခံနိုင်မလဲ ဒါက ဒီတော်လှန်ရေးရဲ့ အဖြေဖြစ်ပါလိမ့်မယ်။”

LEAVE A REPLY

Please enter your comment!
Please enter your name here