လူဦးရေထူထပ်ခြင်း၊ ရွှေတူးခြင်းနှင့် ငါးဖမ်းမှုများကြောင့်  အင်းတော်ကြီးဒေသက ရှားပါးဆောင်းခိုငှက်များ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

581
Photo Credit _ inn Chit Thu

ဒီဇင်ဘာ၊၅

လူဦးရေထူထပ်လာတာနဲ့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုအခြေအနေတွေကြောင့် အင်းတော်ကြီးဒေသကို ဆောင်းရာသီအချိန်မှာ လာရောက်ခိုနားကြတဲ့ ရှားပါးငှက်မျိုးတွေ ပါဝင်တဲ့ ဆောင်းခိုးငှက်တွေ မျိုးသုဉ်းမယ့် အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

နှစ်စဉ် အောက်တိုဘာလလောက်ကနေ မတ်လကုန်လောက်အထိ လာရောက်ခိုနားကြတဲ့ ဆောင်းခိုငှက်တွေထဲ ရှားပါးငှက်မျိုးစိတ်တွေ ပါဝင်သလို နိုင်ငံတကာ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့(IUCN)က မျိုးသုဉ်းမှုအန္တရာယ်သတ်မှတ်ထားတဲ့ Red List အဆင့်ထဲပါဝင်နေတဲ့ ငှက်မျိုးစိတ်တွေလည်း ပါဝင်ပါတယ်။

အင်းတော်ကြီးဒေသကို နှစ်စဉ်ဝင်ရောက်တဲ့ ဆောင်းခိုငှက်အရေအတွက်ဟာ အကောင်ရေ နှစ်သောင်းဝန်းကျင်လောက်ရှိပြီး အခုနှစ်အတွက် စာရင်းမပြုစုရသေးဘူးလို့ အဖွဲ့အစည်းတွေက ဆိုပါတယ်။

အခုနောက်ပိုင်း လူဦးရေများပြားလာတာနဲ့ လူတွေပြုလုပ်တဲ့ ကိစ္စရပ်တချို့ဟာ လာရောက်ခိုနားတဲ့ ဆောင်းခိုငှက်တွေနဲ့ ဌာနေငှက်တွေအတွက် အန္တရာယ်ဖြစ်စေတာတွေရှိလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆောင်းခိုငှက်အများစုကို အင်းတော်ကြီးဒေသက အင်းတော်ကြီးအိုင်၊ နောင်ခွင်အင်းနဲ့ ချောင်းဝဘက်မှာ အများဆုံးတွေ့ရလေ့ရှိပေမဲ့ အခုနောက်ပိုင်း လူဦးရေများလာတာကြောင့် နေ့ခင်းဘက်တွေဆိုရင် နောင်ခွင်အင်းဘက်မှာ အတွေ့များတယ်လို့ နောင်ခွင်အင်းထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဆလိုင်းတမ်အောမ်မာန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အင်းတော်ကြီးက လူတအားများတော့ လူများတဲ့နေရာမှာ သိပ်တော့မနေတော့ဘူး။ မနက်စောစောပိုင်း အဲဒီမှာနေပြီးတော့ နေ့လယ်ပိုင်းတွေကျတော့ နောင်ခွင်ဘက်ပြန်ကူးတာမျိုးဖြစ်တယ်။ ” လို့ဆိုပါတယ်။

အင်းတော်ကြီးဒေသမှာ လာရောက်ခိုနားတဲ့ ငှက်အများစုဟာ ရေနေမျိုးစိတ်တွေကို မှီခိုစားသောက်ပြီး ရှင်သန်နေထိုင်တဲ့ ငှက်အမျိုးအစားတွေဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်သွားလမ်းပေါ်က ညောင်ပင်ကျေးရွာအုပ်စုထဲမှာရှိတဲ့ နောင်ခွင်အင်းဟာ ရေနည်းပေမဲ့ ဒိုက်များတဲ့အတွက် အဲဒီနေရာမှာ ငှက်မျိုးစုံတွေ့ရတယ်လို့ ညောင်ပင်ကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးကလည်း ဆိုပါတယ်။

“ရွှေတူးတော့ လူများလာတယ်။ သူတို့လုံခြုံမှုမရှိတော့ဘူး။ အရင်က ရေချောင်းတွေ သူတို့နေချင်တဲ့နေရာမှာ လွတ်လွတ်လပ်လပ် ရှာစားလို့ရတယ်။ ပြောရမယ်ဆို အရင်ကလောက် မပျော်တော့ဘူး။ စားကျက်ကျဉ်းလာတာပေါ့။” လို့ ဒေသခံက ဆိုပါတယ်။

အခုနောက်ပိုင်း အဲဒီအင်းထဲက ဒိုက်တွေကိုဖယ်ရှားလိုက်ပြီး ပိုက်တန်းငါးဖမ်းတာတွေ၊ ကျင်စက်ထိုးပြီး ငါးဖမ်းတာတွေလည်း များပြားလာတာကြောင့် ငှက်မျိုးစိတ်တွေအတွက် စားကျက်မြေကျဉ်းသွားတာ တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်နှစ်တွေက ငါးတွေထဲဆေးခတ်ပြီး ရရှိလာတဲ့ငှက်တွေကို ကျောက်စိမ်းမှော်ထဲ သွားရောင်းတာတွေရှိခဲ့တယ်လို့ ညောင်ပင်ဒေသခံက ဆက်ပြောပါတယ်။

အာဏာသိမ်းကာလနောက်ပိုင်း အင်းတော်ကြီးဒေသက လုံးတုံ၊ မိုင်းနောင်၊ မမုံကိုင်တစ်ဝိုက် စက်ယန္တရားကြီးတွေ အသုံးပြုပြီး ရွှေတူးဖော်တာတွေလည်း များပြားလာပါတယ်။

နေ့ညမပြတ် ရွှေတူးဖော်တဲ့အတွက် သဲသောင်ထွန်းတာနဲ့ နွံဖွဲ့တာတွေကြောင့် ငှက်မျိုးစိတ်တွေ မှီခိုစားသောက်တဲ့ ရေနေသတ္တဝါတွေ လျော့နည်းလာတာကို တွေ့မြင်နေရတယ်လို့ နောက်ထပ် အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။

အခု ဒီရွှေတူးတာ ပြဒါးဓာတ်တွေကြောင့် ငါးတွေသာမက ရေထဲမှာရှိတဲ့သယံဇာတတွေ အများကြီး လျော့သွားတယ်။ အဲဒီလိုလျော့သွားတော့ ဌက်တွေအတွက်လည်း သူတို့ရဲ့ အဓိကအစားစာဖြစ်တဲ့ ပုစွန်၊ ကဏန်း၊ ခရုစုပ်ဆိုရင် အဓိက က ခရုတွေကို လိုက်ကောက်စားတာပေါ့နော်။ အဲဒီလိုမျိုးတွေက ရွှေတူးတဲ့မြေကြောင့် နွံဖွဲ့တာများသွားတော့ ရေနေသတ္တဝါတွေလျော့သွားတာ။”လို့ ဆိုပါတယ်။

ရွှေတူးဖော်တာ တစ်ခုတည်းကြောင့်မဟုတ်ဘဲ ဓာတ်မြေဩဇာနဲ့ ပေါင်းသတ်ဆေး အလွန်အကျွံ သုံးစွဲတာတွေကြောင့်လည်း ငှက်တွေရဲ့မျိုးပွားလုပ်ငန်းစဉ်တွေကို အန္တရာယ်ဖြစ်စေတာလည်း တွေ့မြင်ရတယ်လို့ ဆက်ပြောပါတယ်။

ရေနေသတ္တဝါတွေနဲ့ရေငှက်တွေ မှီခိုအားထားနေထိုင်တဲ့ အင်းတော်ကြီးအိုင်ဟာ မြန်မာနိုင်ငံမှာ အကြီးဆုံးသော သဘာဝရေချိုကန်ဖြစ်သလို ဌာနေရေငှက်နဲ့ ဆောင်းခိုရေငှက်တွေရဲ့ စားကျက်မြေအဖြစ် ထိန်းသိမ်းစောင့်ရှောက်တဲ့ နိုင်ငံတကာ အရေးပါတဲ့ ရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံထဲက ရမ်ဆာဒေသတစ်ခုဖြစ်ပါတယ်။

Photo Credit _ inn Chit Thu

LEAVE A REPLY

Please enter your comment!
Please enter your name here