နွေဦးတော်လှန်ရေးမှာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ အယောက် ၄၀၀ ကျော်ကို NRC က ခြေတုအခမဲ့တပ်ဆင်ပေး

16
ဓါတ်ပုံ- NRC

 

ဩဂုတ် ၂၁

ကချင်မြေ(လွတ်မြောက်နယ်မြေ)မှာ ဖွင့်လှစ်ထားတဲ့ Northern Rehabilitation Center for Amputees (NRC) မှာ အယောက် ၄၀၀ ကျော်ကို ခြေတု အခမဲ့တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

NRC စင်တာကို Medical Family Mandalay (MFM)က စတင်ပံ့ပိုးမှုနဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ် လကနေ စတင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ခြေတုတပ်ဆင်ပေးတာ အယောက် ၄၀၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက် အင်္ဂါ ဆုံးရှုံးခဲ့ကြသူတွေကို ခြေတု တပ်ဆင်ပေးနေတာဖြစ်ပြီးတော့ အခုဆိုရင် Prothesis Traning Center တခုအနေနဲ့ ရပ်တည် နေပြီဖြစ်သလို အခမဲ့ခြေတုတပ်ဆင်ပေးတာ၊ ခြေတုအဟောင်းတွေကို အသေးစား ပြန်လည် ပြုပြင်တာတွေကို ဆောင်ရွက်နေတာပါ။

ရဲဝင့်စွာတိုက်ပွဲဝင်ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့သူတွေကို ဘဝပါ မဆုံးရှုံးရအောင် ကူညီပေးချင်တဲ့အတွက် ဒီလုပ်ငန်းကိုစတင်ခဲ့တာဖြစ်တယ်လို့ NRC ကို ဦးဆောင်နေတဲ့ ပါမောက္ခ ဒေါက်တာ ခင်မောင်လွင်နဲ့ Spring CrowdFund – နွေဦးလူထုရန်ပုံငွေ SCF တို့ရဲ့ အင်တာဗျူးက တဆင့် သိရတာလည်း ဖြစ်ပါတယ်။

စင်တာ စတင်လာချိန်က လူအခက်ခဲ၊ နေရာအခက်ခဲနဲ့ ပစ္စည်းစုဆောင်းရတဲ့ အခက်ခဲတွေအပြင် စက်ပစ္စည်း အစုံအလင် မရှိဘဲ စတင်လုပ်ဆောင်ခဲ့ရပေမဲ့ စိတ်ပျက်အားလျော့မှုမရှိဘဲ လက်ဖြစ်နဲ့ ၂၅ ယောက်ထိ ခြေတုတပ်ဆင်ပေးပြီးနောက် KIO ဘက်က အသိမှတ်ပြုမှုရရှိခဲ့ကာ လိုအပ်တာတွေ ပံ့ပိုးပေးပြီးနောက် နေရာကျယ်တဲ့ဘက် ပြောင်းရွှေ့ရင်း စတင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ခြေတုတပ်ဆင်မှုကို KIA တပ်သားတွေကိုပဲ သီးသန့်တပ်ဆင်ပေးတာမဟုတ်ဘဲ အရပ်သားတွေ ကိုပါ အခမဲ့ တပ်ဆင်ပေးနေတာဖြစ်ကြောင်းလည်း ဒေါက်တာခင်မောင်လွင်က ဆိုပါတယ်။

“စတုန်းကတော့ တော်တော်လေးရုန်းကန်ခဲ့ရတာပေါ့။ အလုပ်လုပ်ပြရင်းနဲ့ ယုံကြည်မှုကို တည်ဆောက်တယ်။ လိုအပ်တဲ့သူတွေကလည်း KIA ရဲဘော်တွေတင် မဟုတ်ပါဘူး။ တခြား KPF တွေလည်းရှိတယ် အရပ်သားတွေလည်းပါတယ်။ကျွန်တော်တို့က ကချင်မြေမှာ လုပ်ပြီးတော့မှ KIA တပ်သားတွေချည်းပဲ သီးသန့်လုပ်ပေးတာမဟုတ်ပါဘူး။အခမဲ့လုပ်တာဖြစ်တယ်။” လို့ ဆိုပါတယ်။

ခြေတုတပ်ဆင်တဲ့ လုပ်ငန်းဆောင်ရွက်နေရင်း သင်တန်းပေးတာလည်းရှိပြီးတော့ KIA က သူနာပြု ၂ ဦး၊ AA က သူနာပြု ၂ ဦးအပြင် စစ်ကိုင်းတိုင်းက ၂ ဦး စုစုပေါင်း ၆ ဦးကို တစ်နှစ်ခန့် အချိန်ယူ သင်တန်းပေးခဲ့တာရှိသလို လက်ရှိမှာတော့ သက်ဆိုင်ရာမှာ ဆရာလွတ် ကျွမ်းကျင်စွာ လုပ်နိုင်နေပြီလို့လည်း သိရပါတယ်။

MFM က ထောက်ပံ့ငွေတစ်ခုတည်းနဲ့ မလုံလောက်တဲ့အတွက် ရံပုံငွေရအောင် လုပ်ဆောင်နေသလို တစ်ဦးချင်း ဒါမှမဟုတ် အဖွဲ့အစည်းတွေက ယုံကြည်ပြီးတော့ လှူကြသလို KIO၊ KIC အဖွဲ့အစည်းကလည်း အလှူရှင်တွေ ကူညီရှာဖွေပေးတယ်လို့ဆိုပါတယ်။ဒါ့အပြင် ဂျပန်အစိုးရ ကနေလည်း လှူတာရှိတယ်လို့ သိရပါတယ်။

လက်ရှိ NRC စင်တာဟာ လူနာရဲ့ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာအလုံးစုံကို ပြန်လည်ထူထောင်ရေး မလုပ်ပေးနိုင်သေးပေမဲ့ အဓိကအနေနဲ့ ခြေတုတပ်တာကိုပဲ လုပ်ဆောင်နိုင်သေးတယ် လို့လည်း ပြောပါတယ်။

“အလုံးစုံ Rehab မလုပ်နိုင်ပေမဲ့လည်း ကျွန်တော်တို့ က pre prosthetic Traning ပြီးရင် ခြေတု တပ်တယ်၊ post – prosthetic Training ပြီးရင်တော့ mental rehabilitation သဘောမျိုးပေါ့ သူတို့နဲ့ထိုင်ပြီးစကားပြောတယ် ဘာအစီစဉ်ရှိလဲ ဘာလုပ်ချင်တာလဲဆိုတာမျိုးလေးတွေ လုပ်ပေး နိုင်တာပဲ ရှိပါသေးတယ်။”ဒေါက်တာ ခင်မောင်လွင်က ပြောပါတယ်။

ခြေတုတစ်ခုဟာ ငါးနှစ်လောက်သာခံပြီး ငါးနှစ်ကြာတဲ့နောက် ခြေဖဝါး ကွဲတာ၊အက်တာ ကျိုးတာတို့ဖြစ်လာတတ်တဲ့အတွက် ကြိုုပြီးစဉ်းစားထားသလို ပြန်လာနိုင်တဲ့အကြောင်းနဲ့ လက်ရှိ မှာလည်း ပြင်ဆင်တာတွေကို တောက်လျှောက်လုပ်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် NRC အနေနဲ့ ကချင်မြေမှာ Full Facilities အပြည့်နဲ့ Rehab Center ကို စားရေး သောက်ရေးကအစ တာဝန်ယူပြီး ခြေတုတပ်ပြီးနောက် စက်ဘီးစီးကျင့်တာ ခြင်းခတ်တာကအစ အဲဒီလို အခြေအနေ တွေထိရောက်အောင် စင်တာမှာနေကာ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု (Physical activity) ပုံမှန် ပြန်ရောက်အောင်လုပ်ဆောင်ပေးဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ခြေတုတပ်ဆင်တာတင်မဟုတ်ဘဲ လက်ပြတ်သွားတဲ့လူနာတွေကိုလည်း လက်တု တပ်ဆင်ပေးဖို့ ရှိသလို Spine (ကျောရိုးအာရုံကြောမကြီး) ထိတဲ့လူနာတွေ လမ်းလျှောက်နိုင်အောင်၊ ထိုင်နိုင်၊ ထနိုင်အောင် ဆောင်ရွက်ပေးဖို့ မျှော်မှန်းထားကြောင်းဆိုပါတယ်။

နောက်တစ်ခုအနေနဲ့လည်း ပညာရပ်ပိုင်းဆိုင်ရာ သင်တန်းတွေဖြစ်တဲ့ ကွန်ပျူတာအခြေခံသင်တာ၊ စက်ချုပ်သင်တာ၊ ဆိုင်ကယ်ပြင်၊ ကားဝပ်ရှော့လုပ်ငန်းတွေစိတ်ဝင်စားရင် သင်တန်းအပ် ပေးတာ တွေ စတဲ့ပုံစံမျိုးတွေအထိ ကျွမ်းကျင်ရာသင်တန်းတွေပေးဖို့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ ရည်မှန်းထားပြီး‌တော့ KIO အရာရှိတွေနဲ့ တိုင်ပင်ထားတယ်လို့ ပါမောက္ခက ဆိုပါတယ်။

ဒီလုပ်ငန်းကို လက်ရှိမှာလည်းတောက်လျှောက်လုပ်ဆောင်နေသလို တော်လှန်ရေးပြီးသွားတဲ့ အချိန်ထိလည်း ဒီလုပ်ငန်းကို ဇောက်ချလုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ ဒေါက်တာ ခင်မောင်လွင်က ဆို ပါတယ်။

“ဘယ်လောက်ထိတောင် စဉ်းစားထားလဲဆို ကျွန်တော်တို့က တခါတလေကျတော့ တော်လှန် ရေးပြီးသွားလို့ရှိရင် စစ်တပ်ဘက်က ခြေထောက်ပြတ်တဲ့သူတွေရှိဦးမှာဆို သူတို့ကိုလည်း လူသားချင်းစာနာထောက်ထားတဲ့အရ တပ်ပေးရမယ်ဆိုတဲ့ အဲလိုခံယူချက်အထိ ကျွန်တော်တို့မှာ ရှိတယ်။ အခုချိန်ကတော့ မလုပ်ပေးနိုင်သေးဘူး။”

ဒူးအောက် ခြေတုတစ်ခု ကျပ်ငွေ ၁၀ သိန်းနီးပါးနဲ့ ဒူးအထက် ခြေတုတခုကို ပစ္စည်းဖိုးတင် ကျပ်ငွေ ၁၅ ဝန်းကျင်ရှိကြောင်း သိရပါတယ်။ စင်တာမှာ လိုအပ်တဲ့ စက်ပစ္စည်းတွေကို ဝယ်ယူ စုဆောင်းရတာကြောင့် ရံပုံငွေကတော့ အမြဲလို အပ်လျက် ရှိတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာလည်း ခြေတုတပ်ဆင်ဖို့ မချိတ်ဆက်နိုင်သေးတဲ့သူတွေ လမ်းအခက်ခဲတွေကြောင့် စင်တာကို မရောက်နိုင်သေးတဲ့သူတွေနဲ့ စောင့်ဆိုင်းနေသူ နှစ်ရာ၊ သုံးရာဝန်းကျင် ရှိနေသေး တယ်လို့လည်း သိရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here