KIO ထိန်းချုပ်နယ်မြေမှာ မြေရှားသတ္တုလုပ်ကွက်ချပေးအပြီး လိုက်နာရမယ့် ဥပဒေတွေကိုပါ တပါတည်း ချမှတ်ပေးထားတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

18

 

ဩဂုတ်၊၂၁

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားတဲ့ ဧရိယာအတွင်း မြေရှားသတ္တုတူး ဖော်ရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံသား၊ ကုမ္ပဏီတွေအားလုံးကို လုပ်ကွက်ချပေးတာနဲ့ သူတို့လိုက်နာရမယ့် ဥပဒေတွေကိုပါ တပါတည်းချမှတ်ပေးလိုက်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မြေရှားတူးဖော်ရေး လုပ်ဆောင်မယ်ဆိုရင် KIO/KIA က ချမှတ်ထားတဲ့ ဥပဒေတွေအတိုင်း လိုက်နာရမှာဖြစ်တယ်လို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

သူတို့ပန်ဝါဘက်မှာ မြေရှားတူးဖော်ဖို့ သူတို့လက်မှတ်ယူတာနဲ့ တခါတည်းပေးလိုက်တဲ့ လိုက်နာရမယ့် ဥပဒေ အားလုံးပေါင်း ၁၄ ချက်လောက်ရှိမယ်။” ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

လိုက်နာရမယ့် ဥပဒေ ၁၄ ချက်ထဲမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းပျက်စီးမှု မရှိအောင် ပြန်လည်ပြင်ဆင်မွမ်းမံထားဖို့၊ သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှုမရှိအောင် လုပ်ဆောင်ဖို့၊ ရေညစ်ညမ်းမှုမရှိအောင် လုပ်ဆောင်ဖို့၊ ငါးနဲ့ရေအောက်သက်ရှိတွေ မျိုးတုံးပျောက်ကွယ်မသွားအောင် နည်းပညာတွေနဲ့ ကာကွယ်စောင့်ရှောက်ဖို့ -စတဲ့အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြေရှားလာရောက်တူးဖော်ကြတဲ့ လုပ်သားပြည်သူတွေအပေါ် ကာကွယ်ပေးထားတဲ့ တရားဥပဒေတွေလည်းရှိပြီး အဲဒါတွေထဲကတချို့ကတော့ ပြည်သူတွေကို စော်ကားတာမျိုးမလုပ်ဖို့၊ လုပ်ခလစာမပေးတာမျိုး မလုပ်ဖို့၊ အမျိုးသမီးတွေကို စော်ကားနှောက်ယှက်တာမျိုး မပြုလုပ်ဖို့၊ အမျိုးသမီးတွေကို လုပ်အားနဲ့မညီမျှတဲ့ လုပ်ခလစာပေးတာမျိုးမလုပ်ဖို့ စသဖြင့် ချမှတ်ထားတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

လိုက်နာရမယ့် အဲဒီဥပဒေတွေကို KIO/KIA အနေနဲ့ ကချင်အထူးဒေသ(၁) တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ခွင့်ရယူခဲ့ပြီးနောက် ချမှတ်ထားတာဖြစ်ကြောင်း ဗိုလ်မှူးကြီးက ဆက်လက်ပြောပါတယ်။

မြေရှားတူးဖော်ပြီးနောက် အမှိုက်တွေကို ပြန်ရှင်းလင်းခဲ့ဖို့ သက်ဆိုင်ရာကုမ္ပဏီတွေကို သတိပေးထားပြီးပြီဖြစ်ပြီး မရှင်းလင်းခဲ့ရင် ပြန်သတိပေးဖို့ KIO ဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဘဏ္ဍာရေးတာဝန်ရှိသူတွေကို တာဝန်ပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

“ပြန်လည်စစ်ဆေးချိန် အားနည်းသွားတာလည်းဖြစ်နိုင်သလို သူတို့(တရုတ်တွေဘက်က) မရှင်းလင်းသေးတာ၊ မလုပ်ဆောင်သေးတာလည်း ဖြစ်နိုင်ပါတယ်။” ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ဥပဒေချမှတ်ထားပြီးသား ဖြစ်တဲ့အတွက် ပြည်သူလူထုဘက်ကလည်း အဲဒီလိုအားနည်းချက်တွေကို တွေ့မြင်ခဲ့ရင် KIO/KIA က သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ သွားရောက်ပြီး တိုင်ကြားနိုင်ကြောင်းလည်း ဆက်လက်ပြောပါတယ်။

တရုတ်လုပ်ငန်းရှင်ကုမ္ပဏီတွေကို KIO/KIA ရဲ့ ထိန်းချုပ်ဧရိယာအတွင်းက မြေရှားလုပ်ကွက်ချပေးတာနဲ့ ပတ်သက်ပြီးတော့ တစ်နှစ်ကိုဘယ်လောက်ချပေးမယ်ဆိုပြီး သတ်မှတ်ထားတာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။

ဒါပေမဲ့ တရုတ်လုပ်ငန်းရှင်နဲ့ ကုမ္ပဏီဘက်က တောင်းဆိုလာတဲ့ လုပ်ကွက်ပမာဏပေါ်မူတည်ပြီး KIO/KIA ရဲ့ ဧရိယာအတွင်းက မြေရှားတူးဖော်လို့ရတဲ့ မြေတွေအပေါ်မူတည်ပြီးတော့ ချပေးတာဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြပြောဆိုပါတယ်။

မြေရှားလုပ်ကွက် တိုးချဲဖို့အတွက်ဆိုရင် ပြည်သူလူထုရဲ့ စိုက်ပျိုးမြေတွေကို ရှောင်ရှားသွားမှာဖြစ်သလို ဒေသခံပြည်သူလူထုက ကန့်ကွက်တဲ့ မြေနေရာတွေကိုလည်း ရှောင်ရှားပြီး ချပေးမှာဖြစ်ကြောင်းလည်း သိရပါတယ်။

လတ်တလောမှာတော့ ချီဖွေမြို့ ၊ ဂျိတ်လွယ်ကျေးရွာအနီး ရှီးဇော်ရွာမှာ မြေရှားသတ္တုတူးဖော်ဖို့ အတွက် ဒေသခံနှစ်ဦးကို တရုတ်လုပ်ငန်းရှင်တွေက ပိုက်ဆံပေးပြီး ဒေသခံရွာသားအားလုံးရဲ့ ထောက်ခံချက်လက်မှတ်ရယူဖို့ ဖိအားပေးစည်းရုံးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။ ဒါပေမဲ့ ဒေသခံအများစုကတော့ တောင်ယာ၊စိုက်ပျိုးမြေနဲ့ စားကျက်မြေတွေ ပျက်စီးကုန်မှာကြောက်တာကြောင့် သဘောမတူဘူးလို့လည်း သိရပါတယ်။

အဲဒီလို ဖိအားပေးစည်းရုံးခိုင်းနေတာဟာ KIO က ဒေသခံအားလုံး သဘောတူညီမှုမရှိရင် လုပ်ကွက်သစ်ချမပေးဘူးလို့ ဥပဒေချတ်မှတ်ထားတဲ့ အတွက်ကြောင့်လို့ ကြားသိရပါတယ်။

ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်အထူးဒေသ ၁ မှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကို ၂၀၀၉-၂၀၁၀ ခုနှစ် လောက်ကတည်းက လုပ်ကိုင်နေတာဖြစ်ပါတယ်။

အဲဒီနောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဟာ အထူးဒေသ ၁ ကို ၂၀၂၄ ခုနှစ်နိုဝင်ဘာနဲ့ဒီဇင်ဘာလမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြေရှားသတ္တုတူးဖော်မှုတွေကိုတော့ အရင်ကုမ္ပဏီတွေနဲ့ပဲ ဆက်လက်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here