ဩဂုတ်၊ ၂၈
စစ်ရေးအရှိန်မြှင့်တင်မှုနဲ့အတူ နိုင်ငံရေးအရလည်း ပြင်ဆင်ထားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောလိုက်ပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၄/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်က အဲဒီလို့ပြောဆိုခဲ့တာဖြစ်တယ်လို့ NUG က မနေ့က ညပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။
“စစ်ရေးအရှိန်မြှင့်တင်မှုတွေနဲ့ အတူ တစ်ဘက်က နိုင်ငံရေးအခြေအနေတွေကလည်း ကဏ္ဍစုံက တိုးတက်မှုတွေရှိအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအခြေအနေလို့ ပြောရင် နိုင်ငံခြားရေး၊ သံတမန်ရေး အခြေအနေတွေကအစ၊ တော်လှန်ရေးအင်အားစုအသီးသီးနဲ့ စုစည်းပြင်ဆင်မှု အခြေအနေတွေ အပါအဝင် အုပ်ချုပ်ရေးဆိုင်ရာ ကဏ္ဍတွေပါ မကျန် အားလုံးပါဝင်နေတာဖြစ်ပါတယ်။“ လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ နောက်နှစ်ထဲရွေးကောက်ပွဲကို ကျင်းပမယ်လို့ ကြေညာထားပြီး ထောက်ခံတဲ့ နိုင်ငံတွေလည်း ရှိတာကြောင့် အဲဒီကိစ္စကိုထည့်သွင်းစဉ်းစားဖို့ လိုတယ်လို့ မန်းဝန်းခိုင်သန်းက ပြောပါတယ်။
“ဒါကို ကျွန်တော်တို့အနေနဲ့ သေသေချာချာ ထည့်သွင်း စဥ်းစားပြီး တစ်ဘက်က စစ်ရှိန်မြှင့်နိုင်သမျှ မြှင့်ပြီး တစ်ဘက်ကလည်း နိုင်ငံရေးအရ ပြင်ဆင် ထားကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ ” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
လာမယ့် စစ်ရေးအခြေအနေဟာလည်း မဟာမိတ်တွေနဲ့ PDF တွေရဲ့ ပူးပေါင်းအား၊ လူထုရဲ့ထောက်ခံအားကြောင့် အောင်ပွဲတွေဆင်နိုင် နေဦးမှာဖြစ်တယ်လို့လည်း ဦးမန်းဝင်းခိုင်သန်းက ပြောပါတယ်။
အခုအချိန်မှာတော့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့မြို့ပေါင်းဟာ ၈၀ ဝန်းကျင် ရှိလာပါပြီ။