ဩဂုတ်၊၂၇
စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်၊ ကသာ၊ အင်းတော်စရှိတဲ့ မြို့နယ်တွေမှာ KIA ဦးဆောင်တဲ့ ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့(KPDF)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တာကြောင့် ကားတွေပုံမှန်သွားလာလို့ မရသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လ ၁၇ ရက်နေ့ကတည်းက အဲဒီလမ်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တစ်ရက်လောက်နဲ့ ရောက်ရမယ့် မန္တလေး- မြစ်ကြီးနားခရီးစဉ်ဟာ ပုံမှန်ထက်ကြာမြင့်နေရတယ်လို့ ယာဉ်လက်မှတ်အရောင်းဌာနတစ်ခုမှာရှိတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကချင်ပြည်နယ်ဘက်ကတော့ မရသေးဘူး။ အဆင်းပဲရသေးတယ်။ အဆင်းတောင်မှ ရက်ကြာတယ်။ ၁၀ ရက် ၁၅ ရက်လောက် ဆင်းနေရတယ်။ မန္တလေးရောက်ဖို့ကို။“လို့ ဆိုပါတယ်။
လတ်တလော စစ်ရေးအခြေအနေအရ စစ်ကိုင်းတိုင်းအတွင်းက လမ်းပိုင်းတွေမှာ ရပ်နားထားရတဲ့ ခရီးသည်နဲ့ ယာဉ်တွေရှိနေသလို တချို့အတက်ကားတွေကတော့ လမ်းပိုင်းမှာ စောင့်မနေတော့ဘဲ ပြန်လှည့်လာတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ကချင်ပြည်နယ်ဘက်ကနေ မန္တလေးဘက်ကို ဆင်းတဲ့ယာဉ်တွေတော့ နေ့စဉ်ရှိနေပေမဲ့ တိုက်ပွဲကြောင့် လမ်းပိုင်းမှာ ကြန့်ကြာမှုတွေ ရှိတယ်လို့ နောက်ထပ်ယာဉ်လိုင်းတစ်ခုကနေ ကြားသိရပါတယ်။
လမ်းပိုင်းတစ်လျှောက် လက်နက်ကိုင်အဖွဲ့ပေါင်းစုံက ပိတ်ထားကြတာဖြစ်ပြီး ဘယ်အချိန် လမ်းပိုင်းတွေကို ပြန်ဖွင့်မလဲဆိုတာတော့ တိုက်ပွဲတွေဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် အတိအကျ မသိရသေးပါဘူး။