စက်တင်ဘာ၊၂၀
ကချင်ပြည်နယ်၊ဖားကန့်မြို့၊ငှက်ပျောတောရပ်ကွက်က အေဝမ်းမိုဘိုင်းဖုန်း အရောင်းဆိုင် ထဲဝင်ရောက်ပြီး ပိုက်ဆံလုယူ ထွက်ပြေးဖို့ ကြိုးစားတဲ့သူ တစ်ဦးကို ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတယ်လို့သိရပါတယ်။
ပိုက်ဆံလုယူပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့သူဟာ အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ပြည်သူတွေဝို င်းဝန်း ဖမ်းဆီးခဲ့တာပါ။
“ကျွန်တော်တို့ ဒီကမ္ဘောဇဘဏ်အနီးပေါ့။ ကက်သလစ်ဘုရားကျောင်းရှေ့ မြို့လယ်ခေါင်ကျတာပေါ့။ ဆိုင်ထဲကို နည်းနည်းလေး ဟိုဟာဖြစ်တဲ့အချိန် (လူရှင်းတဲ့အချိန်) ဝင်လုလိုက်တယ်ပေါ့။ ဝင်လုတဲ့သူက တစ်ယောက်ထဲပဲ။ အဲဒါကို ဖမ်းသွားတာပေါ့။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အေဝမ်းဖုန်းအရောင်းဆိုင်ကို ဆက်သွယ်မေးမြန့်ခဲ့ရာ အဲဒီဖြစ်စဉ်ဟာ “ဆိုင်ရှေ့မှာ ဖြစ်ပြီး သူတို့ဘာသူတို့ ဖမ်းသွားကြတာ သေချာမသိလိုက်ဘူး” လို့သာ ဖြေကြားခဲ့ပြီး အသေးစိတ်ပြောဆိုဖို့တော့ ငြင်းဆန်ခဲ့ပါတယ်။ လုယက်မှုပြုလုပ်ဖို့ကြိုးစားခဲ့တဲ့ အဲဒီလူဟာ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူ ဖြစ်နိုင်ကြောင်းလည်း ဒေသခံက ဆိုပါတယ်။
ဆယ်ဇင်းကျေးရွာဘက်မှာ စစ်ကောင်စီ နဲ့ KIA တပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ဖားကန့်မြို့မှာ အရင်က မတွေ့ဖူးတဲ့ မျက်နှာစိမ်းတွေများလာပြီး မူးယစ်ဆေးဝါး သုံးစွဲတဲ့အဖွဲ့တွေ ဖြစ်တယ်လို့လည်း ဒေသခံက သုံးသပ်ပါတယ်။
ဒါ့အပြင် စက်တင်ဘာ (၁၉) ရက်နေ့ကလည်း လုံးခင်းရပ်ကွက်က ဂေါက်ကွင်းအရှေ့မှာ ဆိုင်ကယ်ကယ်ရီမောင်းစားတဲ့ အသက် (၄၂) နှစ်အရွယ်အမျိုးသားတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး သတ်ဖြတ်ခံခဲ့ ရပါတယ်။