ဖားကန့်မှာ စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲဖြစ်နေတာ တစ်ပတ်ခန့်ရှိလာပြီ

83

 

စက်တင်ဘာ၊၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ရပ်ကွက်/ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်ပတ်လောက် ရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆိုင်းတောင်ရပ်ကွက်/ကျေးရွာမှာ ရှိတဲ့ ကျောက်သွေးတောင်ဘက်မှာ ဒီကနေ့မနက် ၉ နာရီခန့်လောက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ကျောက်သွေးတောင် တောင်ခြေဘက် စစ်ကောင်စီတွေ စစ်ကြောင်းထိုးလာတယ် တိုက်ပွဲဖြစ်ကြတာပေါ့။ မနေ့ညကတစ်ခါ တက်လာလို့တစ်ခါ ပစ်ခတ်ကြတယ်။ ဒီမနက် တစ်ခါပြန်တက်လာလို့ ပြန်ပစ်ခတ်နေကြတယ်။လို့ အထက်ပါအမျိုးသားကပြောပါတယ်။

ယူမာကျောက်ဝိုင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က အင်အား ၅၀ ခန့်နဲ့ မနေ့ စက်တင်ဘာလ ၉ ရက်နေ့ည ၁၂ နာရီနောက်ပိုင်းကစပြီး ကျောက်သွေးတောင်ဘက် စစ်ကြောင်းထိုးလာကြတာ ဖြစ်တယ်လို့ ဆိုတယ်။

ကျောက်သွေးတောင်နဲ့ ဆိုင်းတောင်ရပ်ကွက်/ကျေးရွာက Lucky Man Hotel စတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ ပစ်ခတ်မှုတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး Lucky Man Hotel ဘက်မှာတော့ ဒီကနေ့မနက်ပိုင်း ငြိမ်သက်နေတယ်လို့ သိရပါတယ်။

Lucky Man Hotel ကိုတော့ KIA နဲ့ PDF တွေ ရှိတယ်ဆိုပြီး စစ်ကောင်စီက ဝင်စီးခဲ့ရာကနေ KIA၊ PDF တပ်သားတစ်ချို့သေဆုံးပြီး တစ်ချို့ကိုဖမ်းဆီးရမိခဲ့တယ်လို့ ပြောဆိုရေးသားနေကြပေမဲ့ အတိအကျတော့ မသိရသေးပါဘူး။

တိုက်ပွဲဖြစ်ပွားနေချိန် ဖားကန့်စစ်ကောင်စီတပ်မကုန်းကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပြီး ဆိုင်းတောင်ရပ်ကွက်/ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးပြီး ဒေသခံအချို့ ထိခိုက် သေဆုံးတာတွေလည်း ရှိတယ်လို့ နောက်ထပ် ဆိုင်းတာင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဆိုင်းတောင်ကျေးရွာမှာတော့ စစ်ကေောင်စီတပ်အထိုင်အနေနဲ့ ရဲစခန်းတစ်ခုသာရှိတော့ပြီး အဲဒီရဲစခန်းမှာ စစ်သားတွေနဲ့ ရဲတွေပေါင်းနေကြတာဖြစ်ပြီးတော့ ကျန်တဲ့နေရာတွေမှာတော့ စစ်ကြောင်းထိုးပြီးနေနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် တိုက်ပွဲအခြေအနေ၊ ဒေသခံတွေရဲ့ စစ်ဘေးတိမ်းရှောင်နေရတဲ့အခြေအနေတွေကို အသေးစိတ် အချက်အလက်တွေသိရဖို့ ခက်ခဲနေတာလည်း ဖြစ်ပါတယ်။

တိုက်ပွဲနောက်ဆက်တွဲအခြေအနေကို သိရဖို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီ မနေ့ စက်တင်ဘာလ ၉ ရက်နေ့က မေးမြန်းတဲ့အချိန် အသေးစိတ်မသိရဘူးလို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားပါတယ်။

ဒီနေ့ ဘယ်လို ဖြစ်ပြီလဲ။ အဲ့ဒီဘက် တိုက်ပွဲဖြစ်သေးလား။ ဟိုတယ်မှာ ရှိနေတဲ့ ပြည်သူတွေ လွတ်မြောက်လာပြီလား မသိရသေးဘူး။လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က ဆိုင်းတောင်ရပ်ကွက်/ကျေးရွာ အနီးက ယူမာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အနီးအနားက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here