တော်လှန်အင်ဂျင်ဝိုင်များ

98

 

မိခင်ကဲ့သို့ ခင်တွယ်ရသည့် အဖွားဖြစ်သူ ကွယ်လွန်သွားပြီ ဆိုသည့်သတင်းကို ကြားချိန်၌ မစကားလက်တစ်ယောက် ရူးမတက်ခံစားခဲ့ရသည်။

မစကားလက်မှာ ငယ်စဉ်ကပင် ဖွားအေဖြစ်သူနှင့် အနေများခဲ့သူဖြစ်သော်လည်း တော်လှန်ရေးခရီးကို လျှောက်လှမ်းချိန်၌ အဖွားဖြစ်သူအပါအဝင် မိသားစုကို စွန့်ခွာခဲ့ရသည်။

မိသားစုနှင့် ခွဲခွာသည့် ကာလ ၂ နှစ်ကျော်လာချိန်တွင် အလွန်ချစ်ရသည့် ဖွားအေဖြစ်သူ နောက်ဆုံးအခြေအနေရောက်နေကြောင်း သိရသော်လည်း အိမ်မပြန်နိုင်ခဲ့ပေ။

“နယ်မြေအခြေနေအရရော လုံခြုံရေးအရရော ဘယ်လိုမှ သွားလို့ရတဲ့ အနေအထား ဟုတ်မနေဘူး။ ကိုယ်ပြန်ရောက်တဲ့ခါ မိသားစု စုံစုံလင်လင် ထမင်းဝိုင်းလေးလက်ဆုံစားချင်သေးတာ။ ဒါပေမဲ့ ခုတော့ လူမစုံတော့ဘူး။” ဟု မစကားလက်က ဝမ်းနည်းစွာပြောသည်။

မစကားလက်မှာ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) ၏ ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ ဖြစ်သည့် PRA Magway Supporting Team တွင် တာဝန်ခံအဖြစ် မြေပြင်၌ တာဝန်ထမ်းဆောင်နေသည့် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးဖြစ်သည်။

သူသည် တော်လှန်ရေးခရီးအစ၌ အာဏာသိမ်းစစ်တပ်ကို နည်းလမ်းအမျိုးမျိုးဖြင့် မြို့ပေါ်တွင်နေထိုင်ကာ တော်လှန်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်မှစ၍ PRA (Magway) တွင် ဘဏ္ဏာငွေရှာဖွေရေးအတွက် ဆောင်ရွက်နေသူ ဖြစ်သည်။

လက်ရှိစစ်အာဏာရှင်ကို ဖြုတ်ချနေသည့် ခရီးရှည်ချီတက်ပွဲ၌ မစကားလက်ကဲ့သို့ပင် မိသားစုဝင်တစ်ဦး၏ နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခြင်း၊ မိသားစုဝင်များ၊ မိတ်ဆွေများကို ဆုံးရှုံးရခြင်း ဆိုသည့်အဖြစ်အပျက်များမှာ စစ်အာဏာရှင်ကို နည်းမျိုးစုံဖြင့်တော်လှန်နေကြသည့် ပြည်သူများကြား ဒုနှင့်ဒေး ကြုံတွေ့နေရသည်။

ထို့ပြင် စစ်ကောင်စီက မိသားစုဝင်များကို အဓမ္မဖမ်းဆီးခြင်းကဲ့သို့ ကိစ္စများမှသည် လက်ရှိအလုပ်အပြင် တော်လှန်ရေး အလုပ်များကိုပါ တွဲလုပ်နေရခြင်းတို့ကြောင့် လူမှုဒုက္ခများကို အနည်းနှင့် အများ ရင်ဆိုင်နေကြရသည့် တော်လှန်ပြည်သူများမှာလည်း အများအပြားပေ။

ထို့ကြောင့် တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးသူများမှာလည်း  တော်လှန်ပြည်သူများဖြစ်သောကြောင့် ထိုကိစ္စများကို မလွဲမသွေ ကြုံတွေ့လာရသူများရှိသည်။

မနန်းအွမ်ခေးမှာလည်း ထိုကဲ့သို့ တော်လှန်ရေးအတွက် ဘဏ္ဍာငွေရှာဖွေပေးနေသူ တစ်ဦးဖြစ်ပြီး စစ်ကောင်စီရန်ကြောင့် မြို့နေလူမှုဘဝကိုစွန့်ကာ  Myanmar Defense Force (MDF) သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း၏ ဘဏ္ဍာရေးတာဝန်ခံအဖြစ် ဆောင်ရွက်နေသည့် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး ဖြစ်သည်။

လက်ရှိအချိန်၌ တော်လှန်ရေးအင်အားစုများအား ထောက်ပို့မှုဖြင့် ၎င်း၏ဖခင်ဖြစ်သူကို စစ်ကောင်စီက ထောင် ၂၄ နှစ် ချထားပြီး မိခင်နှင့် မောင်ဖြစ်သူမှာလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

“အိမ်တွေဘာတွေလည်း ချိပ်ပိတ်ခံရတော့ မေမေနဲ့မောင်လေးကလည်း တခြားနေရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ကိုယ်ကဆက်သွယ်လိုက်ရင် တစ်ခုခုများဖြစ်သွားမလားဆိုတဲ့စိတ်နဲ့ မိသားစုကို မဆက်သွယ်ရဲဘဲနေတယ်။ ဖေဖေက အဲဒီလိုဖြစ်ပြီးတော့ မေမေနဲ့ မောင်လေးပါ အဲလို ထပ်ထိခိုက်သွားမလားဆိုပြီး မဆက်သွယ်ဘဲနေတယ်။” ဟု မနန်းအွမ်ခေးက ပြောသည်။

လက်ရှိ တော်လှန်ရေးလမ်းခရီး၌ မစကားလက်နှင့် မနန်းအွမ်ခေးတို့ကဲ့သို့ မြေပြင်မှနေ၍ ထောက်ပို့လုပ်ငန်းကို အင်တိုက်အားတိုက် ပါဝင်နေသူများရှိသကဲ့သို့ ပြည်ပနိုင်ငံများမှနေ၍ အားနှင့်မာန်နှင့် ပါဝင်နေကြသူများကလည်း အများအပြား ရှိနေသည်။

၎င်းတို့သည် လက်နက်ကိုင်ကာ ရှေ့တန်းမှတိုက်ခိုက်သူများ မဟုတ်သော်လည်း ထောက်ပံ့ရေးကဏ္ဍ၌ အင်တိုက်အားတိုက် ပါဝင်ကြသကဲ့သို့ ပို၍ထောက်ပို့နိုင်ရန်အတွက်လည်း မိမိတို့၏ မူလဝင်ငွေရသည့်အလုပ်ကို အချိန်ပိုဆင်းကာ လုပ်ကိုင်နေကြသူများလည်းရှိနေသည်။

ထို့ကြောင့် ဝင်ငွေရသည့်အလုပ်နှင့် တော်လှန်ရေးအလုပ်များကြား လုံးပမ်းနေရခြင်းကြောင့် အိမ်အလုပ်များနှင့် မိသားစုအရေးများအတွက် ယခင်ကလောက် အချိန်မပေးနိုင်ကြတော့ပေ။

အမေရိကန်နိုင်ငံ၌နေထိုင်ပြီး တော်လှန်ရေးအတွက် ထောက်ပို့နေသူတစ်ဦးဖြစ်သည့် နွေဦးအားမာန်အဖွဲ့မှ မနွေဦးအားမာန်က “အလုပ်ကိုလဲ အချိန်ပြည့်ထက်ပိုပြီး လုပ်ရပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ရဲ့အသုံးစရိတ်အတွက်ရော တော်လှန်ရေးအတွက်ရောရှာဖို့အတွက်ပါ။ ထောက်ပို့အတွက် တော်လှန်ပြည်သူတွေကိုလဲ ထောက်ပို့မှာပါဝင်ပေးဖို့ လိုက်ကောက်သလို ကိုယ်တိုင်လဲပါဝင်နိုင်အောင်ကြိုးစားပါတယ်” ဟု ပြောသည်။

တော်လှန်ရေးတစ်ခုအတွက် မရှိမဖြစ်လိုအပ်သည့် အရေးကြီးဆုံးအရာများအနက် တစ်ခုမှာ ဘဏ္ဍာငွေ ဖြစ်ပြီး လက်ရှိတော်လှန်ရေးအင်အားစုများရင်ဆိုင်နေရသည့် ထိပ်ဆုံးမှစိန်ခေါ်မှုများတွင် ရန်ပုံငွေ လုံလောက်စွာ ရရှိရေးလည်း ပါဝင်နေသည်။

ထို့ကြောင့် မစကားလက်၊ မနန်းအွမ်ခေးနှင့် မနွေဦးအားမာန်တို့အပါအဝင် ရန်ပုံငွေရှာဖွေရေးတာဝန် ထမ်းဆောင်သူများမှာ တော်လှန်ရေးထောက်ပို့မျက်နှာစာတွင် ရှေ့တန်းမှ ရင်ဆိုင်ရသူများ ဖြစ်လာသည်။

“ရဲဘော်တွေအတွက် ဘာတွေလိုအပ်နေလဲ။ ဘာတွေ ဖြည့်တင်းရမလဲ။ အရင်ဆုံး စဉ်းစားပြီး လိုအပ်တာကို ကမ်ပိန်းတွေကနေတစ်ဆင့် ရှာကြတယ်။ အလွတ်တန်းကမ်ပိန်း လုပ်တာမျိုးတွေ ရှိသလို တစ်ခါတလေကျတော့လည်း လှူထားတဲ့ ပစ္စည်းတွေကို ပြည်သူတွေကို မေတ္တာလက်‌‌ဆောင် ပြန်ပေးချင်လို့ မဲကမ်ပိန်းတွေလုပ်တယ်” ဟု မစကားလက်က ရန်ပုံငွေရှာဖွေရေးအလုပ်၏ တစ်စိတ်တစ်ပိုင်းကို ရှင်းပြသည်။

ရန်ပုံငွေရှာဖွေသည့် အလုပ်မှာလည်း လွယ်ကူသည့်အလုပ်တစ်ခုတော့ မဟုတ်။ အနိမ့်ဆုံး စာရင်းဇယားနှင့် အတိအကျအပ်ရသည်သာမက သိန်းဆယ်ဂဏန်းမှသည့် ထောင်ဂဏန်း၊ သောင်းဂဏန်းအထိ လိုအပ်သည့် ပမာဏပြည့်မီအောင် ရှာဖွေရသည့် အလုပ်ဖြစ်သည်။

ဘဏ္ဍာငွေ ရှာဖွေသည့်အခါ ကြုံတွေ့ရသည်စိန်ခေါ်မှုများအနက် ရန်ပုံငွေထည့်ရန်ငြင်းဆန်လိုက်သည့် ကိစ္စများမှာလည်း ကြုံတွေ့ရလေ့ရှိသည့် ကိစ္စတစ်ခုဖြစ်သည်ဟု ရန်ပုံငွေရှာဖွေသူများက ဆိုကြသည်။

“သူတို့ကိုမပြောခင်မှာ ကိုယ့်စိတ်ကိုအရင်ပြင်ဆင်ထားပါတယ်။ သူတို့ငြင်းလိုက်တဲ့အခါ ခံနိုင်ရည် ရှိအောင်လို့ပါ။ တချို့တွေကဖြေးဖြေးလေးငြင်းကြတယ်။ တချို့တွေကတော့ ပြင်းပြင်းထန်ထန်ပေါ့။ ဖြည်းဖြည်းလေးနဲ့တောင် ဝမ်းနည်းရတာ။ ပြင်းပြင်းထန်ထန်ဆို ရင်ထဲကိုစူးကနဲနေအောင် ခံလိုက်ရတာ။” ဟု မနွေဦးအားမာန်က ပြောသည်။

ထိုအခက်အခဲများအပြင် Facebook ၏ စံနှုန်းများ၊ စစ်ကောင်စီ၏ ဒေါ်လာငွေလိုအပ်ချက်ကြောင့် ကျပ်ငွေတန်ဖိုး တဖြည်းဖြည်းကျဆင်းလာခြင်းများနှင့် ပြည်သူများ၏ ကျပ်တည်းလာမှုများကလည်း

ရန်ပုံငွေ ရှာဖွေရေးကိစ္စများအတွက် စိန်ခေါ်မှုများဖြစ်လာသည်။

“ခုနောက်ပိုင်းမှာ မြန်မာငွေတန်ဖိုးကျဆင်းလာတာနဲ့အမျှ ကုန်ဈေးနှုန်းဒဏ်ကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေးလည်း ကျပ်တည်းလာကြတယ်။ ကမ်ပိန်းတွေလည်း Reach ချခံထားရတော့ ထင်သလောက် လူထုဆီမရောက်ဖြစ်တဲ့ချိန်မှာ ကမ်ပိန်းကပြည့်များပြည့်ပါတော့ မလားဆိုပြီး စိတ်ဖိစီးမှု အရမ်းရခဲ့တယ်။” ဟုလည်း မစကားလက်က ပြောသည်။

ရန်ပုံငွေရှာဖွေသူများမှာ ထိုကဲ့သို့  ထောက်ပို့မျက်နှာစာ၌ စိန်ခေါ်မှုအမျိုးမျိုးကို ကြုံတွေ့နေရချိန်

အခြားတော်လှန်ပြည်သူများ ကဲ့သို့ပင် လောကဓံ၏ ရိုက်ခတ်မှုများနှင့် စစ်အာဏာရှင်က ပေးသည့် လူမှုဒုက္ခများကိုပါ ကြံ့ကြံ့ခံနေကြရသည်။

“အမေကြီး(အဖွား)ဆုံးတဲ့ချိန်နဲ့ ကမ်ပိန်းပြီးခါနီး အခြေနေမျိုးနဲ့တိုက်နေတယ်။ ကိုယ်ဝမ်းနည်းပြီး ငိုတာတစ်ပိုင်းပေမဲ့ ငိုရင်းနဲ့ ကိုယ်လုပ်နေတဲ့ တာဝန်ကိုတော့ ဆက်ပြီးလုပ်ခဲ့တယ်။ လူက ရူးမတတ်ပဲ ခံစားခဲ့ရတာ။ ညတွေဆို ငိုနဲ့ အိပ်လို့မပျော်နဲ့ ဆေးခန်းမှာ ဆေးပါချိတ်လိုက်ရတယ်။ ဒါပေမဲ့ လုပ်နေတဲ့ အလုပ်တွေကို ရပ်မသွားအောင်လည်း လုပ်ခဲ့တယ်။” ဟု မစကားလက်က ပြန်ပြောင်းပြောပြသည်။

မနန်းအွမ်းခေးကလည်း လက်ရှိတာဝန်များကို ထမ်းဆောင်ချိန်များတွင် ထောင်တွင်းရောက်နေသည့် ဖခင်ဖြစ်သူကို သတိရလွန်းသဖြင့် မျက်ရည်ကျမိသည့် အချိန်များရှိသော်လည်း ပြန်လည် အားတင်းထားသည်ဟု ဆိုသည်။

ညီမအသက်တောင် ၂၄ နှစ် မပြည့်သေးဘူး။ ဖေဖေက ၂၄ နှစ်ကျတာဆိုတော့ ဖေဖေ့သမီးအကြီးရဲ့ အသက်လောက်ကို ထောင်ကျသွားတာမျိုးဖြစ်တဲ့အတွက် ဝမ်းနည်းတာမျိုးရှိတယ်။ “ ဟု မနန်းအွမ်းခေးက ပြောသည်။

ရန်ပုံငွေရှာဖွေသူများထံသို့ ထိုကဲ့သို့ ဒုက္ခများလာလေ့ရှိသကဲ့သို့ တစ်ဖက်တွင်လည်း ၎င်းတို့အတွက် ဝမ်းသာကြည်နူးဖွယ်ရာ အမှတ်တရများစွာကလည်း တော်လှန်ရေးကာလအတွင်း ဖြစ်ထွန်းခဲ့သည်။ ရန်ပုံငွေရှာဖွေမှုပမာဏ ပြည့်လျှင် ပျော်ရသည်။

ရှေ့တန်းပြန်ရဲဘော်များ၏ အတွေ့အကြုံများကို ကြားရသည့်အခါ အားတက်ရသည်၊ ကြည်နူးရသည်၊ စုတ်တသတ်သတ်ဖြစ်ရသည်။ အလွဲလေးများ ကြုံတွေ့ရပြီး ပြန်ပြောကာ ရယ်မောကြရသည်။

မနွေဦးအားမာန်တို့ကဲ့သို့ ပြည်ပမှ ဘဏ္ဍာငွေရှာဖွေပေးနေသူများ အတွက်မူ ရေမြေခြားမှနေ၍ ပြည်တွင်းရှိ တော်လှန်ရေးနယ်မြေအတွင်းထိ ဝင်ရောက်ပြီး မြေပြင်ရဲဘော်များနှင့် တွေ့ရသဖြင့် ပျော်ရွှင်ရသည်အပြင် အားကျကြည်နူးမှုပါ ရကြသည်။

မြေပြင်ရှိ ရဲဘော်များနှင့် တွေ့ဆုံခဲ့စဉ်က ရီရအခက် ငိုရအခက် အဖြစ်အပျက်တစ်ခုအကြောင်းကိုလည်း မနွေဦးအားမာန်က ပြောသည်။

၎င်းမြေပြင်သို့ ရောက်ရှိသည့်အချိန်က တော်လှန်ရေးရဲဘော်များကို စားသောက်ဖွယ်ရာများ ချက်ကျွေးခဲ့သည့်အပြင် အမေရိကန်၌ သွားကျန်းမာရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူဖြစ်ခြင်းကြောင့် ရဲဘော်များကိုလည်း သွားကျန်းမာရေးအတွက်လည်း လုပ်ဆောင်ပေးခဲ့သည်။

“တစ်ယောက်ကိုတော့ လုံးဝလုပ်ပေးလို့မရခဲ့ဘူး။ အဲဒီတစ်ယောက်က အတင်းကိုထွက်ပြေးနေတာ။ အစ်မကို မြင်တာနဲ့ထွက်ပြေးတော့တာပဲ။ အစ်မကလည်း အတင်းခေါ်တယ်။ မရဘူး။ နောက်ဆုံးတော့ သူ့ကိုမလုပ်ပေး ဖြစ်ခဲ့ဘူး။ သူမလုပ်ချင်ရတဲ့ရည်ရွယ်ချက်က ဘာလဲဆိုတော့ ကြောက်လို့မဟုတ်ဘူး၊ နာလို့မဟုတ်ဘူး။ သူ့ကို တခြားရဲဘော်တွေကပြောထားတယ်။နင်သွားသန့်ရှင်းရေး လုပ်ပြီးသွားရင် ကွမ်းစားလို့မရတော့ဘူးလို့ ပြောထားတဲ့အခါကျတော့။” ဟု မနွေဦးအားမာန်က ပြောသည်။

တော်လှန်ရေးကို ဆိုင်ကယ်၊ ကားတို့၏ စက်အင်ဂျင်တစ်လုံးလုံးအဖြစ် ပုံဖော်ကြည့်မည်ဆိုလျှင် ထိုအင်ဂျင်လည်ပတ်နိုင်ရန်အတွက် ပြည်သူများ၏ နည်းမျိုးစုံထောက်ခံမှုက လောင်စာဖြစ်သကဲ့သို့ ရန်ပုံငွေရှာဖွေသူများသည်ကာ အင်ဂျင်ဝိုင်များအဖြစ် မှတ်ယူရပေမည်။

အင်ဂျင်ဝိုင်ဆိုသည်မှာ အင်ဂျင်တစ်ခုလည်ပတ်ရန်အတွက် လိုအပ်သည့်ချောဆီများဖြစ်ပြီး ထိုချောဆီများ မရှိလျှင် အင်ဂျင်တစ်ခုကောင်းကောင်းမွန်မွန် လည်ပတ်နိုင်ရန်မှာ မလွယ်ကူလှပေ။

ထိုတော်လှန်ရေးအင်ဂျင် မောင်းနှင်ဦးတည်နေသည်မှာ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရှိရာသို့ ဖြစ်သည်။ သို့သော် လမ်း၌ အဖိတ်အစင်များရှိသည်၊ ချိုင့်များ ကျင်းများရှိသည်။ အခက်အခဲမျိုးစုံရှိနေသည်။ သို့သော် လူထု၏ စစ်အာဏာရှင်ကို ရွံမုန်းမှုကြောင့် အခက်အခဲများကြားမှ ဆက်သွားနေသည်။

ထို့ကြောင့် တော်လှန်ရေး ယန္တရားအတွင်း အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေသည့် ရန်ပုံငွေရှာဖွေပေးနေသူများမှာလည်း တော်လှန်ရေးမပြီးမချင်း ရှိနေဦးမည်သာဖြစ်သည်။

“လူပေါင်းစုံက သူတို့တတ်ကျွမ်းတဲ့ဟာနဲ့ ဒီတော်လှန်ရေးမှာ တစ်နည်းတစ်ဖုံပါနေတာ အံ့ဩဖို့လည်းကောင်းတယ်။ ချီးကျူးဖို့လည်းကောင်းတယ်။ ကျေနပ်ဖို့လည်းကောင်းတယ်။ အစ်မတို့ ဒီတော်လှန်ရေးအောင်ကို အောင်မှာ။ အဲဒါကို ယုံတယ်။”ဟု မနွေဦးအားမာန်က ပြောသည်။

၎င်းအနေဖြင့်လည်း တော်လှန်ရေးပြီးသည်အထိ ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့်အတူ ရှိသွားမည်ဟု ဆိုသည်။

“ညီမတို့ လုပ်နိုင်ခဲ့တဲ့ စနစ်ကောင်းတစ်ခုကို ညီမတို့ မမီခဲ့ရင်တောင်မှ နောက်ထပ်မျိုးဆက်တွေအတွက် ချန်ထားပေးခဲ့ချင်တဲ့အတွက် ညီမအဆုံးထိသွားမှာပါ” ဟုလည်း မနန်းအွမ်းခေးက ၎င်း၏ မျှော်ရည်ချက်ကို ပြောပြသည်။

မစကားလက်ကလည်း “သေချာတာတစ်ခုကတော့ တော်လှန်ရေးပြီးသွားသည်ထိ ကိုယ်နိုင်တဲ့အပိုင်းကနေ ပါဝင်လုပ်ဆောင်သွားမှာပါ။ နောက်ပြန်လည် ထူထောင်ရေးကာလတွေထိ ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ သေးသေးလေးပဲ အကူညီရရ ပါဝင်လုပ်ဆောင်နေဦးမှာပါပဲ”

 

LEAVE A REPLY

Please enter your comment!
Please enter your name here