ကချင်ပြည်နယ်မှာ ဖုန်းနဲ့အင်တာနက်လိုင်း ပြတ်တောက်နေတာ ၆ လပြည့်ပြီ

96

 

ဇန်နဝါရီ၊၂၁

ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အများပိုင်းမှာ ဖုန်းနဲ့အင်တာနက်တွေ ပြတ်တောက်နေတာ ဒီကနေ့နဲ့ဆို (၆)လပြည့်ပါပြီ။

မြစ်ကြီးနားမြို့အပြင် တခြားမြို့နယ်အချို့က ရပ်ကွက်နေရာအချို့တွေမှာသာ MPT၊ Ooredooeနဲ့ Atom(Telenor) ဖုန်းလိုင်း အနည်းငယ် ရရှိနေပေမဲ့ ဆက်သွယ်ရခက်ခဲနေသေးတဲ့ အခြေအနေဖြစ်ပြီး အင်တာနက်လိုင်းတွေကတော့ ပြတ်တောက်နေဆဲဖြစ်ပါတယ်။

အင်တာနက်လိုင်း မရရှိတာကြောင့် IP Star၊ Star Link စတဲ့ ဂြိုလ်တုဝိုင်ဖိုင်စက်တွေနဲ့ အသုံးပြုနေကြရပြီး တစ်နာရီကို ကျပ် ၃၀၀၀ ဝန်းကျင်ပေးပြီး အသုံးပြုနေကြရတာပါ။ လိုင်းစဖြတ်တဲ့ အချိန်တုန်းကတော့ တစ်နာရီကို ကျပ် ၃၀,၀၀၀ ဝန်းကျင်အထိ ဈေးပေါက်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာ Star Link စတဲ့ Wifi စက်တွေ အသုံးပြုတဲ့သူတွေ များပြားလာတာကြောင့် တပ်ဆင်ထားတဲ့ဆိုင်တွေနဲ့ အိမ်တွေမှာ စစ်ကောင်စီတပ်က ရှောင်တခင် ဝင်ရောက်ရှာဖွေစစ်ဆေးဖမ်းဆီးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်း ပြတ်တောက်သွားပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကုန်စည်စီးဆင်းမှုတွေ အခုအချိန်ထိ နှေးကွေးနေပြီး ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လျက်ရှိနေပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ်တွေ ပိတ်ထားပြီး တရုတ်ဘက်က ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေ မဝင်တော့ဘဲကချင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့ အနေအထားဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဓါတ်ဆီတစ်လီတာကို မြို့ပေါ်ပေါက်ဈေး ကျပ်တစ်သောင်းဝန်းကျင်အထိ ပေးဝယ်နေရတဲ့ အခြေအနေပါ။

အွန်လိုင်းကနေ ပညာဆည်းပူးနေရတဲ့ လူငယ်တွေလည်း အဆင်မပြေတော့ဘဲ အခြားအင်တာနက်ရတဲ့ မြို့တွေမှာ သွားရောက်နေထိုင်ပြီး သင်ယူရတယ်လို့လည်း လူငယ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေကစပြီး မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ MPT၊ Ooredoo၊Mytelနဲ့ Atom ဖုန်းနဲ့ အင်တာနက်လိုင်းတွေ အကုန်ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here