ရှဒူးဇွပ် စံပြပြည်သူ့စစ် တပ်စခန်းဘက် စစ်ကူသွားသည့် စစ်ကြောင်းအား KIAမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးစစ်ကြောင်းမှူး သေဆုံးဟုဆို

373

ဩဂုတ်၊၁၃

ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူးဇွပ်ကျေးရွာက စစ်ကောင်စီလက်‌အောက်ခံ ရှဒူးဇွပ် စံပြပြည်သူ့စစ်စခန်းဘက် စစ်ကူသွားတဲ့ စစ်ကြောင်းတွေ တပ်ပြန်ဆုတ်လာချိန် ဒီကနေ့ညနေ(၅)နာရီလောက်က မန်ပန်ကျေးရွာဒရုန်ရပ်ကွက်အရောက် မိုင်းဆွဲခံရပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီ စစ်ကြောင်းဟာ ရှဒူးဇွပ်စံပြပြည်သူ့စစ်စခန်းကို KIAကနေ ဩဂုတ်လ(၁၁)ရက်နေ့က သွားရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အဲဒီနေ့တွင်းချင်းပဲ ဒွမ်ဘန် စစ်ကောင်စီတပ်(၂၉၈)နဲ့(၁၀၁) တပ်စခန်းတို့ ပူးပေါင်းပြီးလူအင်အား(၆၀)ဝန်း ကျင်‌လောက်နဲ့ ဒွမ်ဘန်ကနေ ခြေလျင် စစ်ကြောင်း ချီတက်သွားတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

ရှဒူးဇွပ်ဘက် စစ်ကြောင်းချီတက်ပြီး နောင်းမီအရောက်မှာပဲ ဒွမ်ဘန် စစ်ကောင်စီ တပ်စခန်းဘက် တပ်ပြန်ဆုတ်ချိန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ မန်ပန်ကျေးရွာအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

   “စစ်ကူသွားတဲ့သူတွေ ဟိုကိုမရောက်ဘဲ ပြန်လှည့်လာချိန် မိုင်းဆွဲတာပေါ့။ လက်နက်ကြီး၊ လက်နက်ငယ်အသံကြားတာ အချက်အရမ်းများတယ်။ ရွာတစ်လျှောက် သူတို့ တပ်ရင်း ရောက်တဲ့အထိ လက်နက် ပစ်ပြီး တက်သွားကြပြီ။ဒွမ်ဘန်(၂၉၈)တပ်ရင်းဘက် ဝင်သွားပြီခုက“လို့ သူက ပြောပါတယ်။

အထက်ပါ သတင်းအရင်းအမြစ်ရဲ့ ပြောပြချက်အရ ဒီကနေ့ညနေ အပြန်အလှန် ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က စစ်ကြောင်းမှူးသေဆုံးသွားပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မန်ပန်ကျေးရွာမှ နွားသုံးကောင်လည်း ကျည်စထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းဟာ ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက် ဒွမ်ဘန်(၂၉၈)တပ်ရင်းရောက်သည်အထိလက်နက်ပစ်ခတ်ပြီး ဝင်သွားကြတယ်လို့လည်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here