ချီဖွေမြို့က စစ်ကောင်စီရဲ့ ပင်မတပ်စခန်းကြီးကို KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်

108

 

စက်တင်ဘာ၊၃၀

ကချင်အထူးဒေသ ၁ ၊ ချီဖွေမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ပင်မတပ်စခန်းကြီးကို ဒီကနေမွန်းလွဲ ၂ နာရီမှာ KIA၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားပါတယ်။

လက်ရှိအချိန်ထိတော့ နှစ်ဖက်တပ်ရဲ့ စစ်ရေးအခြေအနေမှာ တင်းမာနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ချီဖွေက ပင်မစခန်းကို အခုဏညနေ နာရီနောက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကြားတယ်။ ရှငေါ်ကိုတော့ ဒီနေ့မနက်ပိုင်းမှာသိမ်းနိုင်ခဲ့တယ်လို့ ကြားသိရတယ်။လို့ ဆိုပါတယ်။

ချီဖွေမြို့ကို မနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မနက် ၅ နာရီလောက်ကတည်းက KIA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာ မြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီကနေ လေယောဉ်တွေနဲ့ မနေ့ကတည်းက လာရောက်ပစ်ခတ်တာမျိုးတွေ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေဟာ လုံခြုံတယ်လို့ ယူဆတဲ့ နေရာတွေမှာ သွားရောက်ပုန်းခိုနေကြရတယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

ပြည်သူတွေကတော့ ကိုယ်လုံခြုံတယ်လို့ထင်တဲ့ တောတွင်းတစ်နေရာရာမှာ ပုန်းခိုနေကြတယ်။ ညနေပိုင်းမှာတော့ ထမင်းမြန်မြန်ချက်စားပြီး တောဘက်ပြန်တာမျိုးလုပ်နေတယ်။ လို့ ဒေသခံက ဆိုပါတယ်။

လတ်တလော မြို့အတွင်းမှာတော့ KIA တပ်ဖွဲ့တွေ နေရာယူထားကြပြီဖြစ်ပြီး စစ်တပ်အတွင်းမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေကို ဝိုင်းထားလိုက်ကြပြီလို့လည်း သိရပါတယ်။

ဆော့လော်မြို့နယ်ဘက်က တိုက်ပွဲအခြေအနေကိုတော့ ဗိုလ်မှူးကြီးနော်ဘူအနေနဲ့ ဆက်သွယ်ရေးအခက်အခဲကြောင့် အခြေအနေကို မသိရသေးကြောင်းနဲ့ ချီဖွေဒေသခံတွေအနေနဲ့ လည်း မသိရှိရဘူးလို့ ဆိုပါတယ်။

ကချင်နယ်ခြားစောင့်တပ်(NDAK) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာအနီးမှာ တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ ၁၀၀၂၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့အနီး ဝေါ်ချုံးဒေသမှာ ၁၀၀၃ ဆိုပြီးတော့ တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားတာဖြစ်ပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here