အာဏာသိမ်းမှု နောက်ကွယ်က ဆယ်ကျော်သက်အရွယ် မူးယစ်ကျေးကျွန် ဘဝများ

293
မူးယစ်ဆေးသုံးစွဲနေသူတစ်ဉီး
မူးယစ်ဆေးသုံးစွဲနေသူတစ်ဉီး

မြန်မာနိုင်ငံမှာ စစ်တပ်ကနေ အာဏာသိမ်းတာဟာ အခုဆိုရင် (၂) နှစ် ပြည့်ခါနီးအချိန်ရောက်လာတဲ့ အချိန်မှာတော့ တစ်တိုင်းပြည်လုံး စီးပွားကျဆင်းမှုတွေ၊ ကုန်စျေးနှုန်း မြင့်တက်တဲ့ ဒဏ်တွေကြောင့် မိသားစု စားဝတ်နေရေးတွေအတွက်ပါ အခက်အခဲ အမျိုးမျိုးနဲ့   ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

တစ်ဖက်မှာလည်း ကိုဗစ်ကာလကတည်းကနေ အခြေအနေ အမျိုးမျိုးကြောင့် ကျောင်းတွေ ပိတ်လိုက်၊ ဖွင့်လိုက်နဲ့ ဖြစ်နေရာကနေ ကျောင်းတက်နေတဲ့ ကလေးတွေ အများစုဟာ နိုင်ငံရေး ပြောင်းလဲမှုတွေကြား လမ်းပျောက်နေခဲ့ရပါတယ်။

ကျောင်းတွေ ရပ်နားရာကနေ အာဏာသိမ်းစစ်ကောင်စီကနေ ပြန်ဖွင့်ပေးချိန်တွေမှာ ပြန်လည်တက်ရောက်တဲ့ ကျောင်းသား/သူတွေ မူလအရေအတွက်ထက်တော့ တော်တော်လျော့နည်းသွားပါတယ်။

အရပ်သားအစိုးရဦးဆောင်တဲ့ လက်ထက် နှစ်စဉ် အခြေခံပညာကျောင်းတွေမှာ ကျောင်းသား (၉) သန်းကျော် စာရင်းသွင်းခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန (NUG) ကဆိုပါတယ်။

စစ်အစိုးရ လက်ထက်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရ လက်ထက် ကျောင်းသူ/သား ဦးရေ နှိုင်းယှဉ်ကြည့်ရင် ၄၀ ရာခိုင်နှုန်း နီးပါး ကျဆင်းသွားတယ်လို့ သိရပါတယ် ။

ငွေရေးကြေးရေး တတ်နိုင်သူတွေကတော့ လက်ရှိ ပုဂ္ဂလိကကျောင်းတွေမှာ ထားနိုင်သလို၊ တချို့ တိုင်ရင်းသား လွတ်မြောက်နယ်မြေတွေမှာ သွားရောက်တက်ရောက်သူတွေလည်း ရှိပါတယ်။ တချို့ကျောင်းသူ/သားတွေကတော့ အခြေအနေအမျိုးမျိုးကြောင့် ကျောင်းရပ်နားလိုက်ရတဲ့သူတွေလည်း ရှိနေပြန်ပါတယ်။

အခုအချိန်မှာ မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ ဖားကန့်၊ အင်းတော် အစရှိတဲ့ ကချင်ပြည်နယ်တွင်းက မြို့တွေမှာ  ဆယ်ကျော်သက် ကျောင်းနေအရွယ် ကလေး အများစု ဟာ ကျောင်းကို ဆက်မတက်နိုင်တော့ဘဲ တချို့ကတော့ မူးယစ်ဆေးဝါးကျေးကျွန်ဘ၀ကို ရောက်ရှိ သွားကြပါတယ်။

မူးယစ်ဆေးဝါး ရွာတစ်ခုလို ဖြစ်နေတဲ့ တီယန်ဇွပ်ကျေးရွာမှာ ဆယ်ကျော်သက်အရွယ် ကျောင်းသား အများစုဟာ ကျောင်းနားလိုက်ချိန်ကတည်းက ကြုံရာ ကျပန်းအလုပ်ကို လုပ်ပြီး ရရှိလာတဲ့ ဝင်ငွေတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲ လာတတ်နေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီကျေးရွာမှာ အာဏာသိမ်းပြီးကတည်းက မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်တင်တင် ရောင်းဝယ် သုံးစွဲနေကြတာ ဖြစ်ပြီး အခုလို ကျောင်းသားတွေ မူးယစ်ဆေးဝါး သုံးစွဲတတ်လာတာဟာ မူးယစ်ရောင်းသူတွေကို မထိန်းချုပ်နိုင်တာကြောင့် ဖြစ်ပြီးတော့ အသက်သေဆုံးတဲ့အထိ ဖြစ်လာတဲ့အကြောင်း တီယန်ဇွပ်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကလေးတွေက ရာမအနီရောင်ဟာ အရင်သောက်ကြတာ။ အဲဒါကို သူတို့က ပဲနီလို့ ခေါ်တာပေါ့။ နောက် အဆင့်ပြန်တက်တာက နံပါတ်ဖိုး ဘက်။ ရှုတဲ့ဟာက စျေးကြီးတော့ ထိုးသွင်းတဲ့ဘက် ရောက်သွားကြတာ။ ကျောင်းနားလိုက်တဲ့ သူတွေဆိုတော့ အသက်(၁၅)၊ (၁၆)တွေ ပါတာတွေ တွေ့တယ်။ ကျောင်းမတက်တော့ ပိုက်ဆံရှာ။ ရတဲ့ပိုက်ဆံကို သုံးတာကနေ စတာပေါ့။ အစိုးရကျောင်းတွေလည်း ကိုဗစ်ချိန်တွေကြောင့် ပိတ်တာတွေ ဖြစ်ခဲ့တော့ အဲဒီကျောင်းပိတ်တာကနေ ပိုပျက်စီးသွားတာပေါ့။ ဒီတလောကလည်း အသက်အရမ်းငယ်တယ်(၁၈)နှစ်လောက်ပဲ ရှိအုံးမယ် ဆုံးသွားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့တယ်”လို့ လက်ရှိ တီယန်ဇွပ်ကျေးရွာက မူးယစ်ဆေးဝါး အခြေအနေကို ရှင်းပြပါတယ်။

ဆယ်ကျော်သက်ကလေးတွေဟာ မူးယစ်ဆေးဝါးကို ထိုးသွင်းတဲ့အဆင့်ကိုတောင် ရောက်ရှိနေကြပြီ ဖြစ်တာကြောင့် အချိန်မီ တားဆီးကာကွယ်မှုတွေ ပြုလုပ်ရတော့မှာ ဖြစ်တယ်လို့လည်း ဒေသခံက ဆိုပါတယ်။

တီယန်ဇွပ်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးဖြစ်တဲ့ မနူးနူး (အမည်လွှဲ)ကလည်း  သူ့ရဲ့ မောင်ဖြစ်သူဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မူးယစ်ကျေးကျွန်ဘဝကို ရောက်ရှိနေပြီး မိဘဆွေမျိုးသားချင်းတွေပါ သွန်သင်ဆုံးမလို့ မရတော့တဲ့ အခြေအနေကို ရောက်ရှိနေပြီ လို့ပြောပါတယ်။

“အဖေနဲ့ အမေဆို စိတ်အားငယ်ပြီး အိမ်မှာကို မနေချင်ကြတော့ဘူး။ ဆုံးမရင်လည်း မနိုင်တော့တဲ့အခါကျတော့ အဖေကလည်း အရမ်းစိတ်ဓာတ်ကျသွားတယ်။”

တီယန်ဇွပ်ကျေးရွာဟာ မြစ်ကြီးနားကနေ ပူတာအိုသွားတဲ့အချိန် ကားသမားတွေအနေနဲ့ ခရီးတစ်ထောက်နားတတ်တဲ့ နေရာတစ်ခုဖြစ်ပြီး အဲဒီကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းချသူတွေဟာ မိုးကာတဲအိမ်တွေ ဆောက်လုပ်ပေးထားပြီးတော့ ပေါ်တင်သုံးစွဲလို့ ရနေတဲ့ အနေအထားတစ်ခု ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အဲဒီကျေးရွာမှာ မူးယစ်ဆေးဝါးကို ပေါ်တင်ရောင်းချသူတွေနဲ့ ခိုးရောင်းသူတွေ (၃၀)ဦးထက်မနည်း ရှိနိုင်တယ်လို့ သိရပြီး ရွာရဲ့ မနီးမဝေးမှာတော့ စစ်တပ်က စခန်းချ နေထိုင်ထားပေမယ့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ တာဝန်ယူဖြေရှင်းမှု မရှိတာဟာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့လည်း တီယန်ဇွပ်ဒေသခံ အမျိုးသားက ဆက်လက်ပြောပါတယ်။

တီယန်ဇွပ်ကျေးရွာဟာ အိမ်ခြေ (၂၀၀) ဝန်းကျင်လောက်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး အခုနှစ် ဧပြီလအတွင်း အသက်မပြည့်ဘဲ မူးယစ်ဆေးဝါး သုံးစွဲတဲ့ လူငယ် (၂၀) ဦးထက်မနည်း ရှိနေတယ်လို့လည်း ဆိုပါတယ်။

မြစ်ကြီးနားမြို့က မူးယစ်ဆေးဖြတ်စခန်းတစ်နေရာ
မြစ်ကြီးနားမြို့က မူးယစ်ဆေးဖြတ်စခန်းတစ်နေရာ

မူးယစ် အရောင်းအဝယ် လုပ်နေသူတွေအတွက် အခုချိန်ဟာ လွတ်လွတ်လပ်လပ် လုပ်ဆောင်လို့ ရနေတဲ့ အတိုင်းအတာတစ်ခု ရောက်နေတာကြောင့် လူငယ်တွေအနေနဲ့ မူးယစ်ဆေးဝါးကို အန္တရာယ်တစ်ခုလို မမြင်တော့ဘဲ သုံးစွဲနေကြပြီး ကချင်ပြည်နယ်အတွက် စိုးရိမ်အမှတ် ရောက်နေတဲ့အကြောင်း လူငယ်ပြုစုပျိုးထောင်ရေး အသင်းအဖွဲ့တစ်ခုရဲ့ ဝန်ထမ်းတစ်ဦးကလည်း အသိပေး ပြောြပလာပါတယ်။

“ရောင်းဝယ်တာက လွတ်လွတ်လပ်လပ်ကို လုပ်နေကြတယ်။ ကချင်ပြည်နယ်ရဲ့ မူးယစ်အန္တရာယ်က စိုးရိမ်နေရတယ်။ ကလေးသူငယ်ကအစ မူးယစ်ဆေးဝါးကို အန္တရာယ်တစ်ခုလို မမြင်တာကြောင့် ပိုမိုပြီးမှ ကြောက်မက်ဖွယ်ရာ စိုးရိမ်ရေအမှတ်ရောက်နေတယ်”

အခုလို ကျောင်းတွေ ရပ်နားလိုက်တဲ့ ကလေးတွေ အနေနဲ့ လမ်းမှားရောက်မှာကို စိုးရိမ်နေကြတဲ့ မိဘတွေကလည်း ရှိနေကြပြန်ပါတယ်။ ဒါကလည်း အခုလို မူးယစ်ဆေးဝါးကို ဈေးပေါပေါနဲ့ ရရှိလာတဲ့အတွက်ကြောင့် စိုးရိမ်မိမှာတော့ အမှန်ပါ။

၂၀၁၇ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာမှာလည်း မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် အရွယ်မတိုင်ခင် သေဆုံးသူပေါင်း တစ်သိန်းကိုးသောင်းကျော်ရှိပြီး မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေတဲ့ HIV ရောဂါ၊ အသည်းရောင် အသားဝါရောဂါနဲ့ TBရောဂါ ကူးစက်မှုဟာ မြင့်တက်နေဆဲ ဖြစ်တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

အခုနောက်ပိုင်းတော့ နိုင်ငံရေး အခြေအနေမတည်ငြိမ်မှုတွေကြောင့် မြစ်ကြီးနားမြို့ရဲ့  ‌နေရာတော်တော်များများမှာ မူးယစ်ဆေးဝါးတွေကို အရင်က တစ်ရက်ကို (၂) သောင်း၊ (၃) သောင်းဖိုးနဲ့မှ အဆင်ပြေရာကနေ လက်ရှိမှာတော့ (၅) ထောင်၊ (၆) ထောင်လောက်နဲ့ ဈေးပေါပေါရနိုင်တဲ့အကြောင်း အသက် (၃၁) နှစ်အရွယ် မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ လူငယ်ရဲ့တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကိုဗစ်ကာလကနေ စပြီး နိုင်ငံရေးအခြေအနေတွေကြောင့်ပါ မြစ်ကြီးနားမြို့က ကျေးရွာအချို့မှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်လာကြသူတွေ များလာတဲ့ အနေအထားကြောင့် ကျောင်းပိတ်ထားချိန် ဆယ်ကျော်သက်အရွယ် ကျောင်းသားလူငယ်အချို့ဟာ မူးယစ်ဆေးဝါးကို စမ်းသပ်မိရာကနေ ဘိန်းဖြူ ထိုးသွင်းတဲ့အထိပါ  ရောက်ရှိလာနေတယ်လို့ မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်ထားတဲ့ ဂရုဏာလက် လူငယ်ပြုစုပျိုးထောင်ရေးအသင်းရဲ့ တာဝန်ခံ ဦးတန်ရော်က အခုလို ပြောပါတယ်။

“ကလေးတချို့ ကလေးမိခင်တွေ ဘာမှ မလုပ်စားတတ်တော့ မူးယစ်ဆေးဝါးရောင်းတာ များလာတယ်။ မူးယစ်ဆေးရောင်းတဲ့ သူရဲ့ ကလေးတွေ သူ့သူငယ်ချင်းတွေ အဲဒီအနားတဝိုက်က သူတွေ များလာတာ ဟုတ်တယ်။ အပြင်မှာ ၁၂နှစ်၊ ၁၃နှစ်၊ ၁၄နှစ် အရွယ်ကလေးတွေ ဘိန်းဖြူသုံးကြတာ များတယ်။ ထိုးသွင်းတာပေါ့”

မြစ်ကြီးနားမြို့ရဲ့ နေရာဒေသတိုင်းလို အသက်မပြည့်သေးဘဲ မူးယစ်သုံးစွဲသူတွေ များလာတာကြောင့် ကလေးတွေကို ကာကွယ်ဖို့ အသင်းတော်အသီးသီးက လူကြီးတွေ ဒေသတွင်း လူကြီးတွေအနေနဲ့ အားစိုက် လုပ်ဆောင်သင့်နေပြီလို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။

မြစ်ကြီးနားမြို့က မူးယစ်ဆေးဖြတ်စခန်းတစ်နေရာ
မြစ်ကြီးနားမြို့က မူးယစ်ဆေးဖြတ်စခန်းတစ်နေရာ

မြစ်‌ကြီးနား တစ်ဖက်ကမ်းမှာ တည်ရှိတဲ့ ဝိုင်းမော်မြို့ဘက်မှာလည်း အသက်မပြည့်သေးတဲ့ကလေးတွေ၊ အမျိုးသမီးတွေအထိပါ အုပ်စုလိုက် ဝိုင်းမော် အ.ထ.က ကျောင်းတော်ကြီးရဲ့ အနီးဝန်းကျင်တွေမှာ ပေါ်ပေါ်တင်တင် သုံးစွဲတဲ့အထိ အခြေအနေဆိုးနေပြီလို့ ဆိုပါတယ်။

ဝိုင်းမော် ဒေသခံမျက်မြင်သက်သေတစ်ဦးရဲ့ ပြောပြချက်အရ ရဲတွေ ကိုယ်တိုင် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို အရပ်ဝတ်တွေနဲ့ သုံးစွဲတဲ့ လူငယ်တွေကို ပြန်လည်ရောင်းချပေးနေတယ်လို့ ပြောပါတယ်။

“ရပ်ကွက်က လမ်းကြို၊ လမ်းကြားတွေမှာ ပြန်ရောင်းနေတာ တွေ့တယ်။ ရောင်းတဲ့ ရဲတွေကိုလည်း ကျွန်တော်တွေ့ဖူးတယ်။ ရဲတွေက အရပ်ဝတ်နဲ့ ပြန်လိုက်ရောင်းတယ်။ ကျွန်တော်ဆို တွေ့နေရတယ်။ တချို့အိမ်တွေဆို ရဲတွေကို ပိုက်ဆံပေးထားလား မသိဘူး စိတ်တိုင်းကျ သွားသုံးလို့ ရတယ်”

ဝိုင်းမော်မြို့ရဲ့ လမ်းကြို၊ လမ်းကြားတွေ၊ ရဲစခန်းနောက်ဘက်က အောင်ချမ်းသာ ဘုန်း ကြီးကျောင်း နောက်ဘက် ဝါးရုံတောတွေမှာ ရဲနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေ လာရောက် ရောင်းဝယ် သုံးစွဲတာတွေအပြင် ရှမ်းရွာဘက်တွေမှာလည်း ရောင်းဝယ်နေကြတယ်လို့ နောက်ထပ် အမည်မဖော်လိုတဲ့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ရဲတွေကနေ မူးယစ်ဆေးဝါးရောင်းဝယ်သူအချို့ကိုသာ ဖမ်းဟန်ပြပြီး ကိုယ်တိုင် ပြန်လည်ရောင်းချနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စကိုထပ်ပြီး အတည်ပြုနိုင်ဖို့ မြစ်ကြီးနားသတင်းဂျာနယ်က ကြိုးစားနေဆဲပါ။

“အာဏာသိမ်းပြီး နောက် ဆေးသုံးစွဲသူတွေ သိသိသာသာ ပါပဲ။ လွတ်လပ် စားကျက်တစ်ခု စျေးကွက် တစ်ခု ဖြစ်လာတယ်။ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကို ဆိုပါစို့ (၁၀) ခွက်ရှိရင် (၇) ခွက်ကိုပဲ ပြပြီး (၃) ခွက်ကို အပြင်မှာ ပြန်ရောင်းတယ်ဆိုတာ ကြားနေရတယ်”

မိုးညှင်းခရိုင်၊ အင်းတော်ကြီးဘက်က ဆယ်ကျော်သက် လူငယ်အချို့ဟာလည်း ဆေးလိပ်သောက်ရာကနေ ခုအချိန် ရာမ၊ ဘိန်းဖြူ ထိုးသွင်းတာတွေ ဆိုးရွာလာနေတယ်လို့ အင်းတော်ကြီး ဒေသခံအမျိုးသားတစ်ဦးကလည်း အခုလို ပြောပါတယ်။

“အရင်က ကလေးတွေ သိပ်မများဘူး။ အာဏာသိမ်းပြီးတဲ့နောက် ကိုဗစ်ကြောင့်ရော ကလေးတွေ ပိုလွတ်လပ်သွားတာ အထိန်းအကွပ်မရှိဖြစ်သွားတာ။ အရင်က ကျောင်းပိတ်ရင်တောင် နောက်နှစ်အတန်းအတွက် ကျူရှင်ဝိုင်းတွေ တက်ပြီးနေတာလေနော်။ အခုအပြင်လောက ရောက်သွားတာကြောင့်ပေါ့”

အဲဒီဒေသအတွင်းက ရှစ်တန်း၊ ကိုးတန်းနဲ့ ကျောင်းရပ်နားလိုက်တဲ့ ကလေးအချို့ဟာ မိုင်းနောင်တဝိုက်က ရွှေမှော်၊ ကျောက်စိမ်း ဒေသတွေမှာ ကျပန်းအလုပ်သမားကနေ မူးယစ်ဆေးသမားဘက်ကို ရောက်ရှိသွားကြပြီး အခုလို အသက်မပြည့်သေးတဲ့ လူငယ်တွေ မူးယစ်ဆေးသုံးစွဲတာ ပိုများလာပေမယ့် ဌာနဆိုင်ရာတွေက တားဆီးနှိမ်နင်းရေးတွေ မလုပ်ဆောင်တာကြောင့် ပွဲသဖွယ်ဖြစ်နေတယ်လို့လည်း သူက ဆက်လက်ပြောပါတယ်။

“ဖမ်းဆီးအရေးယူတာတွေ လုပ်စေချင်တယ်။ အနာဂါတ်သားကောင်းတွေ ပျက်စီးလာတော့ ရှေ့ရေးက စိုးရိမ်စရာ ဖြစ်လာတယ်။ ဌာနဆိုင်ရာ ရဲတွေလည်း အလုပ်မလုပ်တော့။ သူတို့က ဒီကာလမှာ လူအင်အားတွေ လျော့သွားလို့ မလုပ်နိုင်တာဆိုပြီး ဆင်ခြေပေးတယ်။ လက်ရှိ မိုင်းနောင်ဘက်မှာ ပွဲလိုကို ရောင်းဝယ်သုံးစွဲနေတယ်”

မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် မူးယစ်ဆေးဝါးမြို့တော်လို့ လူအများခေါ်သမုတ်လေ့ရှိတဲ့ ဖားကန့် ကျောက်စိမ်းတွင်းဒေသက ကျေးရွာ တော်တော်များများမှာလည်း မူးယစ်ဆေးဝါး အန္တရာယ်ဟာ အရင်ကထက်တောင် ပိုပြီး လွတ်လွတ်လပ်လပ် သုံးစွဲလို့ရနေပါတယ်။

ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စုက မှော်ဒေသတစ်ခုဖြစ်တဲ့ ရှဒူးဇွပ်ကျေးရွာမှာ မူးယစ်ဆေးဝါးကို စျေးပေါပေါနဲ့ ရနိုင်တာကြောင့် ကလေးတွေပါ သုံးစွဲတတ်လာပြီး အိမ်တိုင်းလိုလို ဆေးသုံးစွဲသူတွေ ရှိလာတဲ့ အနေအထား ဖြစ်လာနေတယ်လို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေကို အရေးယူ ဆောင်ရွက်ပြီး တာဝန်ယူဖြေရှင်းပေးမယ့် အဖွဲ့အစည်းတွေ မရှိတာကြောင့် မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပွဲသဖွယ် ဖြစ်နေတဲ့အကြောင်း ရှဒူးဇွပ်ကျေးရွာ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“မူးယစ်ဆေးဝါးက အလွန်အကျွံဖြစ်နေတယ်။ အိမ်တိုင်းမှာ နံပါတ်ဖိုး သမားရှိတဲ့ အဆင့် ဖြစ်နေပြီ။ ဘယ်သူမှ လာဖမ်းတာ မရှိဘူး။ ရဲတွေလည်း ဒီကို ရောက်လား မရောက်လား မသိ ပိုက်ဆံပဲ လာခိုးတောင်းပြီးတော့ ပြန်ပြန်ဆင်းသွားတာဆိုတော့ ရောင်းစား၊ ဝယ်စားသူ အားလုံး ပွဲသွားသလိုဖြစ်နေတာ”

အဲဒီကျေးရွာမှာ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ကလည်း မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းကို ရပ်နားလိုက်တာတွေကြောင့်ပါ ပိုမိုဆိုးရွားလာတာဖြစ်ပြီး အခုအချိန် လူငယ်တွေပါ သုံးစွဲလာတာကြောင့် စိုးရိမ်နေရတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။

“ကလေးတွေ နေ့၊ ည မြင်နေတာဆိုတော့ အဲဒါကို ပေါ့ပေါ့ သဘောထားလာကြတယ်။ အခုဖိုးသမားက ကလေးတွေများလာတယ်။ အခုက ငါးရာ၊ တစ်ထောင်နဲ့တောင် ဝယ်လို့ ရနေတဲ့ အခြေအနေနဲ့ အခုခေတ်ကလေးတွေက အရမ်းတတ်လွယ်ကြတော့ စိုးရိမ်တာပေါ့”

မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲတာတွေ ဆိုးရွားလာတာကြောင့် လျော့နည်းလာအောင် ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်စေချင်တယ်လို့လည်း ရှဒူးဇွပ်ဒေသခံတွေက တောင်းဆို နေ‌ကြတာပါ။

ဖားကန့်ရတနာ နယ်မြေအတွင်းမှာလည်း  ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေ မူးယစ်ဆေးဝါးနှိပ်နင်းရေး လုပ်ငန်းတွေကို လက်ရှိမှာ အရှိန်မြင့် လုပ်ဆောင်တာတွေ ရှိလာနေပါတယ်။

ပြီးခဲ့တဲ ဩဂုတ်လ တတိယအပတ်မှာလည်း KIA ပူးပေါင်းတပ်ကနေ ဖားကန့်မြို့အတွင်းက မော်မောင်းဘွမ်၊ လုံးခင်း၊ မြောက်ဖြူ နဲ့ ဗ.လ.ခ ကျေးရွာကြားမှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့ မိုးကာတဲအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ဖမ်းဆီးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

မူးယစ်ဆေးဝါးကို ၁၉၆၄ ခုနှစ်ကတည်း တားမြစ်ထားခဲ့တာ ဖြစ်ပြီး ရောင်းဝယ်ဖောက်ကားတဲ့ သူတွေကို မူးယစ်ဆေးဝါးဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ့်အပြင် သုံးစွဲသူတွေကိုတော့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ KIO/KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“တခြားနေရာမှာလည်း ဆက်တိုက်လုပ်နေပါတယ်။ အခုလည်း လုပ်မှာ၊ နောင်လည်း လုပ်မှာပဲ။ ကျွန်တော်တို့ မကင်းစင်သ၍ကတော့ အဲဒီ မူးယစ်ဆေးဝါးကတော့ ကျွန်တော်တို့ ကချင်လူမျိုးရဲ့ ဘုံရန်သူ ဖြစ်ပါတယ်။ အဓိက ရန်သူဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ အဲဒါကိုရော တော်လှန်ဖို့ တာဝန်ရှိပါတယ်”

မြစ်ကြီးနားမြို့အတွင်းက မူးယစ်ပြန်လည်ထူထောင်ရေး စခန်းတွေ ဖြစ်တဲ့ ဂရုဏာလက် လူငယ်ပြုစုပျိုးထောင်ရေး အသင်းအဖွဲ့နဲ့ ချန်းမူး မူးယစ်ကင်းစင်ရေး သမ္မာကျမ်းစာသင်တန်းကျောင်းတွေမှာ အသက်မပြည့်ဘဲ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေ ဆေးလာရောက်ဖျက်တဲ့အထိပါ ရှိလာနေပြီ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ တင်ပြချက်အရ အရှေ့တောင်အာရှ ဘိန်းစိုက်ပျိုးမှု စစ်တမ်းအရ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် ဒုတိယမြောက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) အနေနဲ့လည်း အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးအပိုင်းမှာ ထူးထူးခြားခြား လှုပ်ရှားမှုတွေ မရှိတော့တာကို သိရပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အစီအစဉ်ရေးဆွဲ ဆောင်ရွက်ဖို့တွေ လုပ်ဆောင်ထားပေမယ့် ကိုဗစ်ရောဂါကြောင့် လုပ်ငန်းဆိုင်ရာတွေကို လက်ရှိအချိန်အထိ ရပ်နားထားလိုက်ရတဲ့အကြောင်း Pat Jasanမှာ ပါဝင်ခဲ့ဖူးတဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီကနေ စရအောင်လို့ လုပ်ထားတဲ့ အစီအစဉ်က Intensive awareness ဆိုတဲ့ အသိပညာဖွင့်မှုတွေပေါ့။ အဲဒီအစီအစဉ်က မျက်နှာချင်းဆိုင် လုပ်ဖို့တွေ၊ မိသားစုလို ဂရုစိုက်မှု ပုံစံ၊ သုံးစွဲတဲ့ လူတွေနဲ့ မိသားစုတွေကို ကိုယ်တိုင်ကို တွေ့ပြီး အသိပညာဖွင့်မှုတွေ လုပ်ဖို့ပေါ့။ ကိုဗစ်က ကမ္ဘ့ကပ်ရောဂါ ဖြစ်လာတယ်။ အစိုးရဘက်ကလည်း ကိုဗစ်ဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ထားတာတွေရှိလာတော့ အဲဒီအစီအစဉ်ကို မလုပ်ဖြစ်လိုက်ဘူးပေါ့။ အဲဒီကနေ ရပ်လိုက်တာ အခုအချိန်အထိပဲပေါ့”

လက်ရှိအချိန်မှာ ကချင်ပြည်နယ် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ရဲ့ အစီအစဉ်တွေကို ရပ်နားထားရတာကြောင့် ရှေ့ဆက် လုပ်ဆောင်မယ့် အစီအစဉ်ကို ပြောကြားနိုင်ခြင်း မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကို ကြိုတင်တားဆီးဖို့  ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့ကနေစတင်ပြီး ဖေဖော်ဝါရီလ(၁)ရက်နေ့အထိ ဝိုင်းမော်မြို့နယ်နဲ့ တနိုင်းမြို့နယ်အတွင်းက ဘိန်းခင်း စုစုပေါင်း ၂၁၉ ဒဿမ ၅ ဧက ဖျက်ဆီးပြီး ဖြစ်ကြောင်းကို ကချင်ပြည်နယ် ရဲတပ်ဖွဲမှူးရုံးက ထုတ်ပြန် ခဲ့ပါတယ်။

တစ်ဖက်မှာလည်း အခုလို မူးယစ်အန္တရာယ်ပိုမို ဆိုးရွားလာနေတဲ့အတွက် ကချင်လွတ်လပ်ရေးတပ်မတော်  (KIA) အနေနဲ့ ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ မကောကျေးရွာအတွင်း ဘိန်းခင်းဖျက်ဆီးမှုတွေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့မှ စတင်ပြီး လုပ်ဆောင်မှုတွေ ရှိနေပါတယ်။

ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုကြောင့် အကျဉ်းထောင်တွေထဲမှာ ကျခံနေတဲ့သူ (၉၀) ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ မူးယစ်ဆေးဝါးဥပဒေတွေနဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ (၁၄) ရက်နေ့မှာတော့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဥပဒေ (၁၉၉၃) ကို ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ အဲဒီထဲကမှ ပုဒ်မ (၁၅) အောက်က မူးယစ်ဆေးသုံးစွဲသူ အားလုံးကို မဖြစ်မနေ မှတ်ပုံတင်ဖိုနဲ့ မှတ်ပုံတင်ပျက်ကွက်သူတွေကို ထောင်ဒဏ် (၃နှစ်ကနေ  ၅နှစ်အတွင်း) ပြစ်ဒဏ်ကျခံစေရမယ်ဆိုတဲ့ ဥပဒေကို ပယ်ဖျက်နိုင်ခဲ့တာပါ။

ဒါပေမယ့်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဆောင်ရွက်နိုင်တာ မရှိလို့ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူတွေ  လျော့ကျသွားတာမျိုး မရှိတဲ့အပြင် အသက်မပြည့်သေးတဲ့ လူငယ်တွေအထိပါ သုံးစွဲရောင်းဝယ်လာကြတာကို တွေ့မြင်နေရပါတယ်။

တီယန်ဇွပ်ကျေးရွာနေ နူးနူးကကျွန်မတို့ရဲ့ မောင်တွေ မူးယစ်ဆေးဝါးမှာ ကျရှုံးပြီး ပျောက်ကွယ်သွားမှာ အရမ်းကြောက်တယ်။  ဆုံးမရင်လည်း လက်မခံနိုင်ကြဘူးဆိုတော့ ဘယ်လိုမှ မတတ်နိုင်ကြတော့တာပေါ့”

LEAVE A REPLY

Please enter your comment!
Please enter your name here