ဇူလိုင်၊၁၄
တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်ခွဲ တခက်နဲ့ ခလုံးကျေးရွာကြားလမ်းမပေါ်တစ်လျှောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားသွားလာနေတဲ့အပြင် လမ်းသွား၊ လမ်းလာပြည်သူတွေကို တားဆီးပြီး ဖုန်းသိမ်းတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ ဇူလိုင်လ(၁၂) ရက်နေ့ ကနေ စပြီး တခက်နဲ့ ခလုံးကျေးရွာကြား သွားလာနေတဲ့ပြည်သူတွေရဲ့ ဖုန်းတွေကို စစ်ဆေးတာအပြင် သိမ်းယူပေးလိုက်တယ်လို့ သိရပါတယ်။
“လမ်းသွား၊ လမ်းလာတွေကိုလည်း ဖုန်းတွေ စစ်နေတယ်။ လမ်းသွား၊ လမ်းလာတောင် ခက်နေတယ်။ ဖုန်းစစ်တာတောင် မဟုတ်ဘူး သိမ်းပါ သိမ်းသွားတာ။ ခု စစ်တာက လမ်းမပေါ်မှာ ဟုတ်တယ်။ (၃)ရက်လောက် ရှိပြီ စစ်နေတာ” လို့ သူက ပြောပါတယ်။
မနေ့က(ဇူလိုင် ၁၃) လည်း တခက်နဲ့ ခလုံးကြားက လယ်ကွင်းတစ်နေရာမှာ စစ်ရေးလှုပ်ရှားသွားလာနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ ထိတွေ့ တိုက်ပွဲ ခဏကြာ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားသွားလာနေတဲ့ နေရာဟာ တနိုင်းမြို့နယ်၊ ရှင် ဗွေယန်မြို့နယ်ခွဲKIAတပ်မဟာ (၂)အောက်၊ တပ်ရင်း (၄၅)နယ်မြေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။