နမ့်ပုတ်နဲ့ ဆယ်ဇင်းကျေးရွာကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ကူ

312
နမ့်ပုတ်-ဆယ်ဇင်းကျေးရွာကြား တိုက်ပွဲ

ဇူလိုင်၊၁၉

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်စပ်ကြားက နမ့်ပုတ်ကျေးရွာနဲ့ ဆယ်ဇင်းကျေးရွာကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တွေကနေ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီကနေ့ နေ့လယ်ပိုင်းလောက်ကတည်းက တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မုံရွာနဲ့ မြစ်ကြီးနားဘက်ကနေ လေယာဉ်နဲ့ လူအင်အားတွေ လက်နက်အင်အားတွေ တပ်ကူရောက်ရှိနေပြီးတော့ လေယာဉ်ပေါ်ကနေ ဗုံးတွေချပေးနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“PDF တွေရှိတဲ့ဘက်မှာ အစကတော့ စစ်ကောင်စီတွေနဲ့ ရှမ်းနီတွေ တောထဲမှာရှိနေတာ PDF နဲ့ KIA က ဝိုင်းလိုက်တော့ ထွက်လို့မရဘူးဖြစ်နေတာ။ ထွက်လမ်းလည်း တစ်လမ်းထဲရှိတော့ လေယာဉ်နဲ့ တပ်ကူချတာ။ စစ်သားတွေရော လက်နက်တွေရော ဗုံးတွေရော အရမ်းချပေးတယ်” လို့ နီးစပ်သူက ဆိုပါတယ်။

လက်ရှိမှာ ကျေးရွာကို သွားတဲ့လမ်းတွေ အကုန်ပိတ်ထားပြီး စားနပ်ရိက္ခာ သယ်ဆောင်တာတွေလည်း ခွင့်မပြုထားတာကြောင့် တိုက်ပွဲကြာရှည်ခဲ့ရင် ဒေသခံတွေ စားဝတ်နေရေး ခက်ခဲလာနိုင်ကြောင်းနဲ့ လက်ရှိမှာတော့ ကျေးရွာဒေသခံတွေ အနေနဲ့ တိုက်ပွဲတွင်း ပိတ်မိနေပြီး ထွက်ပြေးတိမ်းရှောင်လို့မရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ နီးစပ်သူက ဆက်လက်ဆိုပါတယ်။

ဆယ်ဇင်းအောက်ဘက်ကနေ ထွက်မယ်ဆိုရင် ညောင်ပင်၊လုံးတုံ အဲဒီဘက်ထွက်မှာ။ ဒီဘက်ကိုဆိုရင်တော့ တာမခန်၊ နမ့်မှော်၊ ဆိုင်းတောင် အဲဒီဘက်ကို ထွက်မှာ။ အခုက ဒေသခံတွေက ဘယ်လမ်းမှ ထွက်လို့မရဖြစ်နေတာ။ ပိတ်မိနေတာပေါ့။ အဝင်လည်းလက်မခံ အထွက်လည်း လက်မခံ အဲဒီလိုဖြစ်နေတာ။ အစားအသောက်တွေလည်း မပို့ဘူး။ လိုင်းကားလည်း သွားလို့မရဘူး။” လို့ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာတော့ စစ်ကိုင်းဘက်ကို ဖြတ်တဲ့ တံတားကိုလည်း ဖျက်ဆီးလိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဆယ်ဇင်းကျေးရွာဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားနေတာ ဒီကနေ့နဲ့ဆိုရင် (၄) ရက်လောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here