အာဏာသိမ်းမှုနဲ့ ကိုဗစ်ဖြစ်စဉ်တွေကြောင့် ပျောက်ကွယ်သွားရတဲ့ ကချင်ပြည်နယ်က ခရီးသွားလုပ်ငန်း

107
ရေခဲတောင်-ပူတာအို

တောင်တန်းတွေရဲ့ အရှင်သခင်ဖြစ်တဲ့ ဟိမဝန္တာတောင်တန်းတွေ  ဝန်းရံထားတဲ့ ကချင်ပြည်နယ်ဟာ အခုချိန်ထိတိုင် အလှမပျက်ဘဲ လှပစိုပြေနေတုန်းပါပဲ။

စိမ်းစိုလှပတဲ့ တောင်တန်းတွေ၊ တောင်ကုန်းတွေ နဲ့ ရေကန်တွေ တည်ရှိနေတာကြောင့်  တောင်တန်းတွေကို နှစ်သက် မြတ်နိုးတဲ့သူတွေကတော့ ကောင်းကင်ဘုံလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။

အခုလိုအေးချမ်းတဲ့ ဆောင်းလရာသီမှာဆိုရင် လှပတဲ့ကချင်ပြည်နယ်ဟာ အလည်အပတ်လာရောက်သူတွေနဲ့ နေ့စဉ်စည်ကားလို့နေပြီးတော့ ဒေသခံတွေအတွက် စီးပွားရေးကောင်းတဲ့ အချိန်အခါတစ်ခုပါ။

ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်းကနေ ကချင်ပြည်နယ်ရဲ့ ခရီးသွားဝင်ရောက်မှုနှုန်းဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး ၂၀၁၈ ခုနှစ်မှာ အများဆုံးအနေနဲ့ တစ်သိန်းကျော်(၁၀၃၉၇၆) ထိ ဝင်ရောက်မှု ရှိခဲ့တယ်လို့ ဟိုတယ်နဲ့ခရီးသွားလာရေး ညွှန်ကြားမှူးဦးစီးဌာနနဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါ နဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခြေနေတွေကြောင့် ခရီးသွားရာသီရောက်လာပြီ ဖြစ်ပေမယ့်လည်း ကချင်ပြည်နယ်က ခရီးသွား လုပ်ငန်းတွေကတော့ ရပ်တန့်သွားခဲ့ပါပြီ။

အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ကချင်ပြည်နယ်ရဲ့ ခရီးသွား ဝင်ရောက်မှုဟာ ခြောက်သောင်းကျော် ရှိခဲ့ပေမယ့် လက်ရှိအချိန် မှာတော့ ခရီးသွားဝင်ရောက်မှု မရှိသလောက် ဖြစ်နေတယ်လို့ ဟိုတယ်နဲ့ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင် သူတွေက ပြောပါတယ်။

ကချင်ပြည်နယ် ရဲ့ အထင်ကရ နေရာတွေထဲက တစ်ခုဖြစ်တဲ့ မြစ်ကြီးနားမြို့အနီးတစ်ဝိုက်က မနောင်ကွင်း ၊ မြစ်ဆုံ ၊ အောင်မြင်သာ အပန်းဖြေစခန်းနဲ့ ဂျော်ဘွမ်ဆုတောင်းတောင် တို့လိုနေရာတွေကို နိုင်ငံခြားသားခရီးသွားတွေ အလည်လာတတ်ကြပေမယ့် လက်ရှိအချိန်မှာတော့ လာရောက်လည်ပတ်သူ မရှိသလောက် ဖြစ်နေတယ်လို့ အရင်အချိန်တွေက အခန်းလွတ်မရှိသလောက် ဖြစ်ခဲ့ရတဲ့ မြစ်ကြီးနားမြို့က ဟိုတယ်ကြီးတစ်ခုရဲ့ တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ကိုဗစ် စဖြစ်ကတည်းကနေ ဒီဘက်ကို အလည်အပတ်နဲ့လာတဲ့ Foreigner (နိုင်ငံခြားသား)တွေကတော့ မရှိသလောက်ကို ရှားသွားပြီ။”

ဟိုတယ် နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာရဲ့ အချက်လက်တွေအရ ကချင်ပြည်နယ်အတွင်းမှာ ဟိုတယ်ပေါင်း (၅၈) လုံးနဲ့ အခန်းပေါင်း တစ်ထောင့်ရှစ်ရာနီးပါး (၁၇၇၃) အထိ ရှိတယ်လို့ သိရပါတယ်။

ခရီးသွားကဏ္ဍဟာ ခရီးသွားလုပ်ငန်း ၊ ဧည့်လမ်းညွှန် ၊ ဟိုတယ် ၊ တည်းခိုခန်း ၊ သယ်ယူပို့ဆောင်ရေးနဲ့ စားသောက်ဆိုင်တွေအထိ ဆက်နွယ်နေပြီး ခရီးသွားလုပ်ငန်းကို မှီခိုနေကြရတဲ့ ဒေသခံတွေဟာ အခုချိန်မှာ ရပ်တည်ဖို့ ခက်ခဲလာကြပါတယ်။

နိုင်ငံခြားခရီးသွားတွေ မရောက်လာတာ နှစ်နှစ်လောက်ရှိပြီ ဖြစ်တဲ့အပြင် လက်ရှိ နိုင်ငံရေးအခြေနေတွေကြောင့် ပြည်တွင်းခရီးသွားတွေပါ လာရောက်လည်ပတ်တာ မရှိတော့လို့ စားဝတ်နေရေးအတွက်တောင် မနည်းရုန်းကန် နေရတယ်လို့ မြစ်ကြီးနားမြို့၊ အောင်မြင်သာ အပန်းဖြေစခန်းမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက သူ့ရဲ့အခက်ခဲကို အခုလို ပြောပြပါတယ်။

အခုက အပန်းဖြေတဲ့သူတွေတောင် မရှိတော့ဘူး။ ဆိုင်မှာလည်း စောင့်နေရတာ။ အစောင့်တွေပဲဖြစ်နေတာ။”

ခရီးသွားဧည့်သည်တွေ မလာတာကြောင့် အလုပ်မဖြစ်တော့လို့ မြစ်ဆုံ အပန်းဖြေစခန်းမှာ တစ်နိုင်တပိုင် စားသောက်ဆိုင်လေးတွေ ဖွင့်ထားကြတဲ့ ဒေသခံတွေဟာလည်း တခြားလုပ်ငန်းတွေကို ပြောင်းလဲ လုပ်ကိုင်လာကြပါတယ်။

ပြည်တွင်း ပြည်ပ ခရီးသွားတွေ နဲ့ ရေခဲတောင်တက်သမားတွေ အများဆုံး လာရောက် လည်ပတ်ကြတဲ့ ကချင်ပြည်နယ် မြောက်ဖျားပိုင်းက ပူတာအိုဒေသမှာဆိုရင်လည်း လာရောက်သူတွေ မရှိသလောက် နည်းသွားလို့ ခရီးသွားဝန်ဆောင်မှုလုပ်းငန်းတွေဟာ ဆက်မလုပ်နိုင်တော့ဘဲ ဝင်ငွေပိုရတဲ့ တခြားလုပ်ငန်းတွေကို ပြောင်းလဲ လုပ်ကိုင်လာကြတယ်လို့ ရေခဲတောက်တက်ခရီးစဉ်တွေအတွက် ဝန်ဆောင်မှုပေးနေတဲ့ Trekking In Myanmar ရဲ့ ခရီးသွားတာဝန်ခံ ကိုမိုးမင်းသိန်းက ပြောပါတယ်။

ခရီးသွားဝင်ငွေက အဲဒီလောက်မကောင်းတော့ဘူး ပူတာအိုက။ အဲဒီတော့ တစ်ခြားအလုပ်ကိုပဲ မှီခိုနေရတာ ဆိုတော့ တခြားအလုပ်ကိုပဲ အာရုံပိုစိုက် သွားတာ ပေါ့။ အခုဆိုရင် ဒီခေါင်လန်ဖူးဒေသဘက်မှာထွက်တဲ့ ရှောက်ကော(ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး) လုပ်ငန်းက အရမ်းကိုအောင်မြင်နေတာကိုး။ အဲဒီတော့ ဒါတွေကိုပဲ အရောင်းဝယ်လေးတွေ လုပ်နေကြတာ ပိုများတယ်။”

အရင်နှစ်တွေကဆိုရင် အခုလိုခရီးသွားရာသီကာလမှာ ပူတာအိုဒေသကို လာရောက်လည်ပတ်တဲ့သူတွေ များလွန်းတာကြောင့် ဟိုတယ်နဲ့တည်းခိုခန်းတွေတောင် မလောက်တော့တဲ့အထိ စည်ကားခဲ့ပေမဲ့ အခုအခါမှာ လာရောက်သူတွေ မရှိတော့ဘူးလို့လည်း ကိုမိုးမင်းသိန်းက ပြောပါတယ်။

ကိုဗစ်မဖြစ်ခင်က ဆိုလို့ရှိရင် ဒီပူတာအိုက ခရီးသွားနဲ့ အရမ်းကို စည်ကားတဲ့မြို့ဖြစ်နေတာ။ ဒီ ၁၁ လပိုင်း (နိုဝင်ဘာလ) တင်ကို လူဦးရေ ငါးရာ တစ်ထောက်လောက် လာလည်နေကြပြီးပြီ။ ပြီးရင် ဝင်ငွေတွေလည်း အကုန်လုံးကောင်းကြတယ်။”

ပူတာအိုမြို့မှာဆိုရင် တောင်တက်ခရီးမဟုတ်တဲ့ သာမန်ခရီးသွားတွေအနေနဲ့ ကောင်းမူလုံဘုရား ၊ မချမ်းဘော့ကျောက်နဂါး၊ ပူတောင်း၊ နတ်ကျွန်း ရေလယ်ဘုရား ၊ နမ့်ခမ်းရွာရေတံခွန် နဲ့ မူလာရှီးဒီး ကြိုးတံတား စတဲ့ နေရာတွေကို လာရောက် လည်ပတ်ကြပါတယ်။

တောင်တက်ခရီးသွားတွေအတွက် တက်လို့ရတဲ့တောင်( ၂၀) ကျော်လောက်ရှိပေမယ့် လမ်းခရီးခက်ခဲ ကြမ်းတမ်းမှုတွေရှိတဲ့အတွက် ဖုန်ကရန်ရာဇီ၊ ဖုန်ရင်ရာဇီ၊ ဖန်ဂရန်ရာဇီ နဲ့ မဒွယ် စတဲ့ရေခဲတောင်လေးလုံးကိုသာ အဓိကထားပြီး အများဆုံး တက်ရောက်ကြတာဖြစ်ပါတယ်။

နိုင်ငံခြားသား ခရီးသွားတွေကိုတော့ ၂၀၁၆ ဒီဇင်ဘာကကနေ တောင်တက်ဖို့ ခွင့်ပြုမိန့်ရပ်ဆိုင်းထားပြီး လက်ရှိချိန်ထိလည်း ခွင့်ပြုတာမရှိသေးပါဘူး။

ဒါ့အပြင် ပူတာအိုဒေသဟာ တစ်ခြားဒေသတွေလို အလုပ်အကိုင်တွေ မပေါတဲ့အတွက် ဒေသခံတွေဟာ ခရီးသွားဧည့်သည်တွေကို အမှီပြုပြီး ရိုးရာအသုံးအဆောင်တွေ ဒေသထွက်ဆေးမြစ်တွေ ရောင်းချတာ ၊ ရေခဲတောင်တက်လမ်းပြတာနဲ့ အထမ်းသမားတွေအဖြစ် အသက်မွေးဝမ်းကျောင်းကို လုပ်ကိုင်ကြပါတယ်။

တစ်ခြား အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိတဲ့အပြင် အခုချိန်မှာ ခရီးသွားလုပ်ငန်း‌ ကျဆင်းနေတဲ့ အတွက်ကြောင့် အလုပ်အကိုင်မရှိဘဲ မိသားစု စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာလို့ ဆေးမြစ်ရှာတဲ့ အလုပ်ကို လုပ်ကိုင်နေရတယ်လို့လည်း အသက် (၁၅) နှစ်အရွယ်ကနေ (၁၅) နှစ်ကြာ ရေခဲတောင်တက် အထမ်းသမားခေါင်းဆောင် လုပ်ကိုင်လာတဲ့ ကိုမွန်းအောင်က ပြောပါတယ်။

တစ်ခြားအလုပ်အကိုင်ကျတော့လည်း ကျနော်တို့က မလုပ်တတ်ကြဘူးဗျ။ တောင်ပေါ် ဆေးမြစ်ရှာတာလောက်ပဲ လုပ်တတ်တာဆိုတော့ ဆေးမြစ်ရှာတဲ့အလုပ်ကို ပြန်ပြီးတော့ ပြောင်းပြီးလုပ်ကြတာ။”

အရှေ့တောင်အာရှရဲ့ အကြီးဆုံး ကုန်းတွင်းရေကန်ကြီးဖြစ်တဲ့အပြင် ဆောင်းတွင်းကာလမှာ ဆောင်းခိုမျိုးစိတ် အများအပြား လာရောက် နားခိုကြတဲ့ ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ်က အင်းတော်ကြီးကန်ရှိတဲ့ အင်းတော်ကြီး ဒေသဟာ ဆိုရင်လည်း နိုင်ငံတကာခရီးသွားတွေနဲ့ ပြည်တွင်းခရီးသွားတွေ အများအပြားလာရောက်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် အင်းတော်ကြီးဒေသဟာ ငှက်မျိုးစုံနဲ့ သဘာဝတောရိုင်းတိရိစ္ဆာန်တွေ အများအပြား ရှိနေတဲ့အတွက်လည်း ကုလသမဂ္ဂပညာရေး ၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ဖြစ်တဲ့ UNESCO ကနေ Biosphere Reserve လို့ခေါ်တဲ့ ဇီဝအဝန်းအဝိုင်းနယ်မြေ အဖြစ်သတ်မှတ်ခံထားရတဲ့ ဒေသလည်း ဖြစ်ပါတယ်။

ဒီဒေသကို သဘာဝပတ်ဝန်းကျင်လေ့လာရေး ခရီးအတွက်ရော ဘုရားဖူး ခရီးစဉ်တွေအတွက်ပါ လာရောက်လည်ပတ် သူတွေ များပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေနေတွေကြောင့် အခုအခါမှာတော့ ဘုရားဖူးအတွက်တောင် လာရောက်လည်ပတ်သူတွေ မရှိဘူးလို့ အင်းတော်ကြီးအိုင်အတွင်းမှာရှိတဲ့ ရွှေမဥ္ဇူ ရေလယ်ဘုရား အကျိုးတော်ဆောင် ဂေါပကအဖွဲ့ဝင် ဦးသောင်းညွှန့်က အခုလို ပြောပါတယ်။

ရွှေမဥ္ဇူပရဝုဏ်မှာဆိုရင် Express ကားတွေဆိုရင် တစ်ရက်ကို လေးငါး ဆယ်စီး အဲဒီလိုမျိုးတွေရှိ တယ်ဗျ။ ဘုရားဖူး ကားတွေ အိမ်စီးကားတွေဆိုရင် ပြည့်နေတာပဲ။ ဝင်လိုက်ထွက်လိုက်ပဲ။ အခုက လုံးဝ မလာသလောက်ဖြစ်နေတယ်။”

စစ်အာဏာသိမ်းပြီးတဲ့နောက် အဖက်ဖက်ကနေကျဆင်းနေတဲ့ ကချင်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ညှိနှုင်းဆွေးနွေးပွဲတွေကို စစ်ကောင်စီဘက်က မကြာခဏ ထုတ်ပြန်လေ့ရှိပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ကတော့ ပူတာအို၊ ခေါင်လန်ဖူး၊ ပန်ဝါ၊ ဖီမော် ရေခဲတောင် ခရီးစဉ်တွေနဲ့ အင်းတော်ကြီးအိုင်အပါအဝင် တခြားလည်ပတ်နိုင်တဲ့ ခရီးစဉ် ဒေသအသစ်တွေ အကောင်အထည် ဖော်ဆောင်ရွက်ဖို့ စီမံဆောင်ရွက်နေတယ်လို့ ဆိုပေမယ့်လည်း လက်တွေ့မှာတော့ တစ်ခုမှ အကောင်ထည်ဖော်ဆောင်ရွက်တာ မတွေ့ရှိရသေးပါဘူး။

ဒါ့အပြင် နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ မငြိမ်မသက်မှုတွေကြောင့် မြန်မာနိုင်ငံဟာ ခရီးမသွားသင့်တဲ့ နိုင်ငံ Level 4 အနီရောင် အဆင့်အဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနအပါအဝင် အာရှနိုင်ငံတစ်ချို့ကလည်း သတ်မှတ်ထားကြပါတယ်။

လက်ရှိမှာတော့ တစ်နိုင်ငံလုံးနည်းတူ ကချင်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းဟာလည်း ယိုင်လဲနေတယ်လို့ ဆိုရမှာ ဖြစ်ပြီး ပြန်လည် ဦးမော့လာဖို့ အချိန်ယူရအုံးမှာပဲ ဖြစ်ပါတယ်။

ကိုဗစ်တွေဘာတွေလည်း ကင်းစင်ပြီးတော့ နိုင်ငံရေးအခြေနေတွေကောင်းပြီးမှ ကျနော်တို့ အင်းတော်ကြီးဒေသကို ဘုရားဖူးလာတဲ့ ဧည့်သည်တွေ အများကြီး လစေချင်တာပဲ။ ကျနော်တို့ကတော့ အဲ့ဒီလိုပဲ ဖြစ်စေချင်တာပေါ့။” ဦးသောင်းညွှန့်က သူရဲ့ မျှော်လင့်ချက်ကို ပြောပြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here