ရှမ်းမြောက်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူနှစ်ဦးသေဆုံး

356
လက်နက်ကြီးကျည်ထိမှန်

ဇွန်၊၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီးက ဂါးလျန် (galeng) ကျေးရွာနားက ဇွပ်အောင် စစ်ဘေးရှောင်စခန်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ပြည်သူနှစ်ဦး ကျည်ထိသေဆုံးသွားကြောင်း သိရသည်။

ဒီကနေ့ ဇွန်လ (၁၇) ရက်နေ့ မနက်ပိုင်း (၁၀) နာရီ (၁၅) မိနစ်အချိန်မှာ ကွတ်ခိုင်တပ်စခန်း ခလရ (၂၄၂) စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးနဲ့ (၂) ကြိမ် ပစ်ခတ်ခဲ့ရာ ဇွတ်အောင် စစ်ရှောင်စခန်းမှ အသက် (၅၆) နှစ်အရွယ် အမျိုးသားတစ်ဦး နဲ့ အသက် (၂၈) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အသက် (၈၂) နှစ်အရွယ် အဖိုးအိုတစ်ဦးမှာ ခန္ဒာကိုယ်တစ်ခုလုံး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ နီးစပ်သူတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကိုပြောပါတယ်။

လက်နက်ကြီးကျည်ထိ

ကွတ်ခိုင်အနီးက (galeng) ကျေးရွာအနီး ဇွတ်အောင် စစ်ရှောင်စခန်း နေရာဟုတ်တယ်။ ဒီမနက် (၁၀) နာရီ (၁၅) မိနစ်မှာ လက်နက်ကြီးကျလို့ (၂) ဦး သေပြီး (၁) ယောက် ဒဏ်ရာရတယ်။ သေဆုံးတဲ့ (၂) ယောက်က ချက်ချင်းသေတာမဟုတ်ဘူး။ ချက်ချင်းထုတ်ဖို့ကျတော့လည်း ကွတ်ခိုင်ဘက်က ပရဟိတ တွေလည်း လမ်းမှာ တောက်လျှောက် စစ်ဖြစ်နေတော့ လမ်းမဖွင့်လို့ မလာနိုင်တော့ ဆုံးသွားတာ ဟုတ်တယ်” လို့ နီးစပ်သူက ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ပူးပေါင်းပြီး စစ်ကောင်စီနဲ့ Galeng ကျေးရွာအနီး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီဘက်မှ အကျအဆုံးများပြီး သေဆုံးသူများရဲ့ ရုပ်အလောင်းကို သယ်ယူနိုင်တာမျိုးမရှိတာကြောင့် စစ်ကောင်စီဘက်က ဇွတ်အောင်စစ်ရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာဖြစ်တယ်လို့ နီးစပ်သူက သုံးသပ်ပြောဆိုထားပါတယ်။

“ Galeng ကျေးရွာအနီးမှာ စစ်ပွဲက တောက်လျှောက်ဖြစ်နေတာ။ စစ်ကောင်စီဘက်က သေဆုံးသူအရမ်းများတယ်။ အဲဒီတော့ အလောင်းတွေ သယ်တာတွေရှိတယ်။ အဲဒီလိုသယ်တော့ PDF နဲ့ KIA က ပြန်ပစ်တော့ သူတို့ မသယ်ရဘူး။ အဲဒီတော့ ဒီမနက် တမင်ရည်ရွယ်ချက်ရှိရှိ ပစ်တယ်လို့ ယူဆတယ်။ ဘာကြောင့်ဆိုတော့ ခုပစ်တဲ့ ဘက်က PDF လည်း မရှိဘူး။ KIA လည်း မရှိဘူး။ ပြည်သူတွေပဲ သီးသန့်နေတဲ့ နေရာဟုတ်တယ်။ ” လို့ နီးစပ်သူက သုံးသပ်ပြောဆိုပါတယ်။

လက်ရှိချိန် သေဆုံးသူတွေ နဲ့ ထိခိုက်ဒဏ်ရာရှိသူတွေကို ကယ်ထုတ်နိုင်ခြင်းမရှိသေးပဲ ကွတ်ခိုင်ဘက်က လာတဲ့ ပရဟိတ အဖွဲ့တွေကိုလည်း ဖြတ်သန်းခွင့် မပေးသေးဘူးလို့လည်း သိရပါတယ်။

ဇွတ်အောင်စစ်ရှောင်စခန်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲကြောင့် (၂၀၁၃) ခုနှစ်က စစ်ဘေးရှောင်ခဲ့ရပြီး အိမ်ခြေ (၂၄၀) ကျော်ရှိတဲ့ စစ်ရှောင်စခန်းပဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here