Home ကချင်ပြည်နယ်သတင်း မြစ်ကြီးနားမြ...

မြစ်ကြီးနားမြို့တွင် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များအား စစ်ကောင်စီမှ ဖမ်းဆီးနေ

61
ဗလမင်းထင်ကားဖမ်း

ဇန်နဝါရီ၊၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ယာဥ်ထိန်းရဲတွေ စုပေါင်းပြီး လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ဒီကနေ့မနက်ပိုင်းကနေစတင်ပြီး ဗလမင်းထင်တံတားအပေါ်နဲ့ အောက်လမ်းမှာ ကားနဲ့ဆိုင်ကယ်တွေ ဖမ်းဆီးနေပြီး တံတားဖြတ်မယ့်သူတွေကို အဓိကထား ဖမ်းဆီးနေတယ်လို့ အင်ဂျန်ဒုံရပ်ကွက်ကနေ စီတာပူရပ်ကွက်ဘက်ကို ပြန်လာတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

” ကျွန်မက အင်ဂျန်ဒုံကနေပြန်လာတာ။ တံတားကုန်းဆင်းမှာ ဖမ်းတာလားဆိုပြီး ကြောက်နေတာ။ တံတားဖြတ်မယ့်သူတွေကို စစ်နေတာ။ ဆိုင်ကယ်လည်းဖမ်းတယ်။ကားကတော့ သူတို့လိုချင်တာ ရွေးဖမ်းတာထင်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဧဒင်ရပ်ကွက်နဲ့ အေးမြသာယာရပ်ကွက်ကြား ရထားသံလမ်းနားအနီးနဲ့ အထက ( ၁ ) ကျောင်းရှေ့တွေမှာလည်း စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေ နေရာယူထားတယ်လို့လည်း အခြားဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။

” မြို့ထဲသွားစရာရှိလို့ အေးမြသာယာဘက်ကသွားတာ ရဲနဲ့စစ်သားတွေ လက်နက်အပြည့်နဲ့စောင့်နေကြတယ်။ မြို့ထဲမှာ ဒီနေ့က ကားတောင်တော်တော်ရှင်းသွားတယ်။ ဘယ်သူမှသိပ်မထွက်ကြတော့ဘူး” လို့ပြောပါတယ်။

ဗလမင်းထင်တံတားအောက်မှာ အိမ်စီးကားသုံးစီး ဖမ်းထားတာတွေ့ရပြီး ဆိုင်ကယ်တွေကိုတော့ ဖြတ်သန်းခွင့်ပြုထားတယ်လို့ အထက်ပါအမျိုးသားက ဆက်လက်ပြောပါတယ်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကလည်း စစ်ကောင်စီကနေ မြစ်ကြီးနားမြို့အတွင်းလိုင်စင်မဲ့ကားတွေနဲ့ ဆိုင်ကယ်တွေကို မကြာခဏ ဖမ်းဆီးခဲ့ပြီး အခုနှစ်မှာတော့ ပထမဆုံးအနေနဲ့ ဒီကနေ့ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ပုံဟောင်းအသုံးပြုထားပါသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here